ကျောက်ဆည် မတ် ၁၈

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံကို စိုက်ပျိုးကြကြောင်း၊ ခရိုင်အတွင်း နေကြာ (ဆောင်း) သီးနှံ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်၌ ၁၀၂၇၄ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၁၂၁၃၈ ဧက၊ မြစ်သားမြို့နယ်၌ ၅၆၂၇ ဧက စုစုပေါင်း ၂၈၀၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်၌ ၄၈၇၆ ဧက၊ စဉ့်ကိုင်မြို့နယ် ဧက ၄၀၂၀၊ မြစ်သားမြို့နယ် ၌ ၃၃၇၅ ဧက စုစုပေါင်း ၁၂၂၇၁ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

 

နေကြာ(ဆောင်း) သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုး၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ရိတ်သိမ်းကြရာ ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ နေကြာသီးနှံကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ရှိပြီး သီးသန့်စိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ဆင်းရွှေကြာ ၁ မျိုးများကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်သုံးသိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၂၀-၂၅ တင်းခန့် ထွက်ရှိပြီး ဈေးကွက်အနေဖြင့် တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ မိသားစုအတွက် စားသုံးဆီဖူလုံကာ အကျိုးအမြတ်ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

 

DOCA(မန္တလေး)