ကျောက်ဆည်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်ဆည်၊ ဩဂုတ် ၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် အဘိုးအဘွားများအား ဩဂုတ် ၁ ရက် နံနက် ၉ နာရီခွဲက ကျောက်ဆည်မြို့ စုကြီးရပ်ကွက် မြို့တော်ခန်းမနှင့် ညောင်ခြောက်ပင်ရပ်ကွက် ရွှေဖောင်ဒေးရှင်းခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဖွဲ့ (၅) ဖွဲ့ခွဲကာ မြို့ပေါ် (၁၀) ရပ်ကွက်မှ အသက် (၆၅) နှစ်အထက် အဘိုးအဘွားများအား ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် အသက် (၆၅) နှစ်အထက် အဘိုးအဘွားများအား ကာကွယ်ဆေးများကို ဦးစားပေး ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယခုထိုးနှံပေးသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနှံပေးလျက်ရာ လူဦးရေ (၁၄၀၀) အား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်တင်ထွေး