ကျောက်ဆည်မြို့နယ်တွင် မိုးကြိုဝါသီးနှံ ဧက(၃၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးကြိုဝါသီးနှံ ဧက (၃၀၀) စိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုဝါသီးနှံများကို ဇော်ဂျီဆည်ရေသောက်စနစ်မှ စိုက်ပျိုးရေများ ပေးဝေ သည့် သင်းတွဲမြောင်းရေဖြင့် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှ့ငယ်တိုး၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာအုပ်စုများတွင် (၅၀)ဧက၊ ကင်းတားဆည်ရေသောက်စနစ်မှ စိုက်ပျိုးရေများပေဝေနေသည့် သင်းဒီမြောင်းရေဖြင့် ကျားကာ၊ ကုတ္တကုန်း၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုများတွင် (၂၀၀)ဧက၊ ထုံးကြီးမြောင်းရေဖြင့် မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း ကျေးရွာအုပ်စုများတွင်(၅၀)ဧက  စုစုပေါင်း(၃၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါသီးနှံတစ်ဧကစိုက်ပျိုးမည်ဆိုပါက ထယ်ထိုး၊ စိုက်ကြောင်းဆွဲ မြေပြင်ခြင်းအတွက် ကုန်ကျစရိတ် ကျပ် (၁၉၅၀၀၀)၊ မျိုးစေ့ချ၊ သားခွဲ၊ အပင်ဖာ၊ လက်ပေါင်းလိုက်၊ မြေဩဇာထည့်၊ ဆေးဖျန်း၊ ကြားထွန်လိုက် စိုက်ပျိုး ပြုစုခြင်းအတွက် ကျပ်(၂၀၁၆၀၀)၊ မျိုးစေ့ဖိုး၊ ဝါကောက်သိမ်းခြင်းနှင့် သွင်းအားစုများအတွက် ကျပ် (၄၅၀၅၀၀) စုစုပေါင်း ကျပ်(၇၄၇၁၀၀)ကျော်ခန့် ကုန်ကျစရိတ်ရှိကြောင်း ဝါစိုက်တောင်သူတစ်ဦးမှ ပြောပြ၍ သိရသည်။ မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသန့်ဝါမျိုးစေ့များ ဖြန့်ဝေပေး လျက်ရှိပြီး တောင်သူများနှင့်ပူးပေါင်း စိုက်နည်းစနစ်၊ အပင်ပြုစုနည်းများနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)