ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိ

နေပြည်တော် မေ ၆

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅,၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁ ရက် ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ သံရွာအနီးတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် ၎င်းတို့ ၂ ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင်မှာ သေနတ်ဒဏ်ရာ ၁ ချက်ရရှိကာ ၎င်းတို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဆီဘောက်ဆာယာဉ်၏ ဆီများထည့်သည့် အကန့် ၂ ကန့်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၀၀၀ ကီလို(၅ တန်) သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်