ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၅ ဦး ထပ်မံတွေ့ရှိ

ကျောက်ဆည်  ဇူလှိုင်   ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သီရိသာသနာ့ဗိမာန်တွင် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါပိုး သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံ သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ ၄၅ ဦး ထပ်မံ တွေ့ရှိကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ပူးပေါင်းကူညီခဲ့ပြီး အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၉၀ အား Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီ ၁၈ ဦး စုစုပေါင်း ၄၅ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား Facility Quarantine အဖြစ် ဆောင်ရွက်ထားသည့် မြင်စိုင်းခန်းမနှင့်  သီရိသာသနာ ဆွမ်းစားဆောင်တို့သို့ ပို့ဆောင်ထားရှိကာ ကျောက်ဆည်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)

mdn