ကြောက်စရာကောင်းလာသော ဆေးယဉ်ပါးပြဿနာ

ရေးသားသူ Dr. Htet Htet Zaw Win ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ဒီခေတ်မှာပဋိဇီဝဆေးဆိုတာ နားမစိမ်းတော့ပါဘူး။  ပိုးသတ်ဆေးလို့လဲ အရပ်ထဲမှာ အလွယ်ခေါ်ကြပါတယ်။ အရင်ကဆို တစ်ခုခုနာဖျားရင် ဆေးသောက်ရမှာကြောက်ကြပါတယ်။ ခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဆေးတွေကိုအလွယ်တကူဝယ်သောက်နေကြပါပြီ။ ဒီထဲမှာပိုးသတ်ဆေးက ထိပ်ဆုံးကပါပဲ။ နှာစေးလည်း ပိုးသတ်ဆေး၊ လည်ပင်းနာ အမောက်စေး စသဖြင့် ပိုးသတ်ဆေးသောက်မှခေတ်မီသလိုလိုဖြစ်လာပါပြီ။ ဒါတွေရဲ့ နောက်ဆက်တွဲပြဿနာကတော့ “ ဆေးယဉ်ပါး ပြဿနာပါပဲ။

 

          ဆေးယဉ်ပါးတယ်ဆိုတာဘာလဲ။

 

ဆေးယဉ်ပါးတယ်ဆိုတာ အလွယ်ပြောရင်ဆေးမတိုးတော့ပါပဲ။ ပဋိဇီဝဆေးဆိုတာ ဘတ်တီးရီးယား လို့ခေါ်တဲ့ ပိုးတွေကို သတ်ပေးတာပါ။ ဒါကြောင့် ဘတ်တီးရီးယားမဟုတ်တဲ့ ရောဂါတွေမှာ အသုံးမဝင်ပါဘူး။ မလိုအပ်ဘဲ ခဏခဏ ပိုးသတ်ဆေးတွေ သောက်တဲ့အခါမှာ ပိုးတွေက ဆေးကို ခံနိုင်ရည်ရှိအောင် အသွင်ပြောင်းလာကြပါတယ်။ အဲ့ဒီမှာဆေးမတိုးတော့တာပါပဲ။

 

          ဒါဆို တခြားဆေးပြောင်းသောက်မှာပေါ့။

 

ပြောသလောက်တော့ မလွယ်ပါဘူး။ ဆေးပြောင်းသောက်တယ်ဆိုဦးတော့။ ပိုပြီးအဆင့်မြင့်တဲ့ ဆေးကို ပြောင်းသောက်ရမှာပါ။ ဒါဆို ငွေကုန်ကြေးကျပိုများပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။

 

          ဘာတွေဖြစ်လာနိုင်လဲ။

 

-ပုံမှန်သောက်နေကြဆေးနဲ့ မပျောက်တဲ့အခါ ဆေးအမြင့်တွေကို သုံးလာရပါမယ်။

 

-ငွေကုန်ကြေးကျတွေပိုများလာပါမယ်။

 

-ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေခံစားလာရပါမယ်။

 

-ဆေးယဉ်ပါးရောဂါတွေ ပိုများလာပါမယ်။ (ဥပမာ ဆေးယဉ်ပါး တီဘီ)

 

-ဆေးယဉ်ပါးပိုးတွေ သူများဆီကို ကူးသွားတဲ့အခါ သူပါ ကုသရခက်သွားပါမယ်။

 

-ဒီလိုနဲ့ အဆင့်ဆင့်ကူးပြီး ကုမရတဲ့ရောဂါအခြေအနေဖြစ်သွားပါမယ်။ ဘာနဲ့တူမလဲဆိုရင် ပိုးသတ်ဆေးတွေ မပေါ်ခင်ကလိုပဲ ရောဂါဖြစ်ရင်ကုရမယ့်ဆေးမရှိဘဲ ငုတ်တုတ်ထိုင်နေရမယ့်ခေတ်ကို ပြန်ရောက်သွားပါမယ်။

 

          ဒါဆို လုံးဝမသောက်ရတော့ဘူးလား။

 

ဒီလိုဆိုလိုတာမဟုတ်ပါဘူး။ ပိုးသတ်ဆေးဆိုတာ အရမ်းကောင်းပါတယ်။ ပိုးသတ်ဆေးပေါ်ကတည်းက စပြီး ခုထိလူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးဆိုတာ နောက်အနာဂတ်အချိန်အထိ လိုနေဦးမှာပါပဲ။ ရှိနေရဦးမှာပဲ။

 

ဒါကြောင့် ဆေးယဉ်ပါးမဖြစ်အောင် သတိထားရမှာပါ။

 

          ဆေးယဉ်ပါးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

 

ဆေးယဉ်ပါးဆိုတာ ပိုးသတ်ဆေးကို မဆင်မခြင်သောက်ရာကဖြစ်လာတာပါ။ ဒါကြောင့်

 

-ပိုးသတ်ဆေးကို မလိုအပ်ဘဲ မသောက်ပါနဲ့။ လိုမလိုသိရအောင် ဆရာဝန်နဲ့ပြသပါ။

 

-နေမကောင်းဖြစ်တိုင်း ပိုးသတ်ဆေးမသောက်ပါနဲ့။

 

-ဆေးဆိုင်က စပ်ဆေးတွေ အလွယ်တကူဝယ်မသောက်ပါနဲ့။

 

-ပိုးသတ်ဆေးသောက်မယ်စဉ်းစားတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

-ဆရာဝန်က လိုအပ်လို့ သောက်ခိုင်းတဲ့အခါ ဆေးပတ်လည်အောင် သောက်ပါ။ သောက်ရမယ့်ပမာဏ၊ အကြိမ်ရေ၊ ရက်အတိအကျသောက်ပါ။ နေပြန်ကောင်းသွားလို့ ပိုးသတ်ဆေးကိုရက်မပြည့်သေးဘဲ ရပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်