ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Aye Thi Mon

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး အရေးပါပါတယ်။ ဆီးလမ်းကြောင်းက ကိုယ်တွင်းက ဆီးတွေကို ဖယ်ရှားပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။

ဆီးဆိုတာက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေပါပဲ။ ဒီလို ပိုလျှံနေတဲ့အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတဲ့ တာဝန်ကို ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။

ဆီးလမ်းကြောင်းစနစ်မှာ ဘာတွေပါလဲ………….

ဆီးလမ်းကြောင်းစနစ်က အမျိုးသားရော အမျိုးသမီးမှာပါ ရှိပါတယ်။ အမျိုးသားတွေအတွက်တော့ မျိုးပွားအင်္ဂါ ဆိုလည်း မမှားပါဘူး။ ဒီဆီးလမ်းကြောင်းစနစ်မှာ

•    ကျောက်ကပ်၊

•    ဆီးပို့ပြွန်

•    ဆီးစွန့်ပြွန်နဲ့

•    ဆီးအိမ်

•    ဆီးကျိတ်

•    အမျိုးသားမျိုးပွား အင်္ဂါ

•    ကပ်ပယ်အိတ်

•    ဝှေးစေ့တို့ ပါဝင်ပါတယ်။ ဆီးပုံမှန် သွားနိုင်စေဖို့ဆိုရင် ဒီအစိတ်အပိုင်းလေးတွေက ဟန်ချက်ညီညီနဲ့  လုပ်ဆောင်ရပါတယ်။

ဆီးလမ်းကြောင်းစနစ်က ဘာတွေလုပ်ပေးလဲ……..

ဆီးလမ်းကြောင်းစနစ်က အပေါ်မှာပြောခဲ့သလို ကိုယ်တွင်းက ဆီးတွေကို ပြင်ပကို စွန့်ထုတ်ပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။ ဆီးလမ်းကြောင်းစနစ်မှာ ကျောက်ကပ်က ဆီးတွေကို စစ်ထုတ် ထုတ်လုပ်ပေးတယ်။

ဆီးအိမ်က သိမ်းဆည်းပေးပြီး ဆီးပို့ပြွန်က ဆီးတွေကို ပို့ဆောင်ပေးလို့ ဆီးစွန့်ပြွန်က ဆီးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒီစနစ်လေး ကျန်းမာပြီး ဟန်ချက်ညီညီ လုပ်ဆောင်နေမှုက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ခန္ဓာကိုယ်မှာ ဖောရောင်တာတွေ ကင်းစေမှာပါ။

ဆီးလမ်းကြောင်းစနစ်မှာ ဘယ်လိုရောဂါတွေ ဖြစ်နိုင်လဲ……….

ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ စွန့်ပစ်ရမယ့် အရာတွေကို စွန့်ထုတ်ပေးနေတဲ့ ဆီးလမ်းကြောင်းစနစ်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက အများကြီးပါ။

•    ဆီးလမ်းကြောင်း ပိုးဝင်တာ

•    ဆီးအိမ်ပိုးဝင်တာ

•    ဆီးမသွားနိုင်တာ

•    ဆီးမထိန်းနိုင်တာ

•    ကျောက်ကပ်ရောင်တာ

•    ကျောက်ကပ် ကျောက်တည်တာ

•    ဆီးထဲ သွေးပါတာ

•    ဆီးကျိတ်ကြီးတာ

•    ဆီးကျိတ်ကင်ဆာ

•    လိင်တံကင်ဆာ

•    ဆီးအိမ်ကင်ဆာ

•    ကျောက်ကပ် ပျက်စီးတာ

•    လိင်တံ ထောင်မတ်နိုင်စွမ်းကျတာ (Erectile Dysfunction)

•    Interstitial Cystitis (Painful Bladder Syndrome) စတဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။

ဆီးလမ်းကြောင်းစနစ်မှာ ပြဿနာရှိနေတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေလဲ………….

ဆီးလမ်းကြောင်းစနစ်က မကျန်းမာဘူး။ ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင်

•    ဆီးမထိန်းနိုင်တာ

•    ဆီး ခဏခဏ သွားနေတာ

•    ဆီးကျန်နေသလို ခံစားရတာ

•    ဆီးသွာရင် နာကျင်တာ

•    ဆီးသွားရခက်တာ

•    ဆီးမသွားနိုင်တာ

•    ညဘက် ဆီးခဏခဏ ထသွားရတာ

•    ဆီး အများကြီး သွားတာ

•    ဆီးနည်းနည်းပဲ သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဘယ်လို ကုသမလဲ…………

ဆီးလမ်းကြောင်း စနစ်မှာ ပါဝင်တဲ့ အစိတ်အပိုင်းလေးတွေက များသလို ခံစားရနိုင်တဲ့ ရောဂါတွေကလည်း အမျိုးမျိုးပါ။ ဒါကြောင့် ခံစားရတဲ့ အစိတ်အပိုင်းကို လိုက်ပြီး ကုသရတဲ့ ပုံစံတွေလည်း ကွာခြားနိုင်ပါတယ်။

ဆေးသောက်တာကစလို့ အခြားသော ကုသနည်း အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင် အမြန်ဆုံး ပြသကုသမှု ခံယူပေးပါ။

Takeaways

ဆီးလမ်းကြောင်းစနစ် ကျန်းမာစေဖို့ဆိုရင် ရေများများသောက်ပါ။ အရက်၊ ‌ဆေးလိပ်၊ ကဖင်းစတာတွေကို ရှောင်ပါ။ သင့်တင့်တဲ့ လေ့ကျင့်ခန်း လုပ်လို့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးပါ။