ကျောက်မဲ ဇွန် ၁၁

 

လားရှိုး ပြည်သူ့ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများဆောင်ရွက်ပေးသည်။

 

ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေး ပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ငှက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပြီး အထွေထွေရောဂါ၊ ကလေးကျန်းမာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓာတ်မှန်နှင့် ပုံရိပ်ဖော်စသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူစုစုပေါင်း ၁၀၉၈ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဇွန်လမှ ဇူလိုင်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချို၊ မိုင်းရယ်၊ တန့်ယန်းနှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်