ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ နိုင်ငံပေါင်း ၄၄ နိုင်ငံမှ ရတနာကုန်သည်များ တက်ရောက်ကြမည်

ရန်ကုန်  ၇  ဇန်နဝါရီ 

နိုင်ငံအတွင်း ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်းတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) က ကြီးမှူး၍ ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ၂၀၁၉ ကို ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းရှိ Lotte Hotel တွင် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။


အဆိုပါပြပွဲတွင် ကျောက်မျက်ရတနာဆိုင်ခန်းပေါင်း ၁၂၇ခန်းဖြင့် ခင်းကျင်းပြသ ရောင်းချမည်ဖြစ်သည်။


ပြပွဲသို့ နိုင်ငံတကာမှ ကျောက်မျက်ရတနာကုန်သည်များ လာရောက်ကြည့်ရှုဝယ် ယူနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာရှိ မြန်မာသံရုံးမှ တစ်ဆင့်ဖိတ် ကြားခဲ့ရာ ပထမအကြိမ်ပြပွဲတွင် နိုင်ငံပေါင်း ၃၇ နိုင်ငံ ဖိတ်ကြားရာမှ ယခုနှစ်တွင် ၄၄ နိုင်ငံ ရှိ ရတနာကုန်သည်များကို ဖိတ်ကြားထားသည်။


ပြပွဲတွင် အသေးစားကျောက်မျက်လေလံတင်ရောင်းချပွဲ ပါဝင်မည်ဖြစ်ပြီး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၂ သောင်းသတ်မှတ်ထားသည်။ လေလံပွဲတွင် မြန်မာ နိုင်ငံမှ ထွက်ရှိသည့် သဘာဝကျောက်မျက်များကို ကျောက်မျက်ရတနာ အရည်အသွေး စစ်ဆေးနိုင်ရန် ပြပွဲတွင် ဓာတ်ခွဲခန်းထားရှိခြင်းကြောင့် ဝယ်ယူသူများအဖို့ စိတ်ချယုံ ကြည်စွာ ဝယ်ယူနိုင်ကြောင်း သိရှိရသည်။


ထို့အပြင် ဒီဇိုင်းကျင်းပရေးကော်မတီမှ ကြီးမှူးပြီး လက်ဝတ်ရတနာ ပြိုင်ပွဲနှင့် လက်ဖြင့် ရေးဆွဲသည့် ခဲပန်းချီပြိုင်တို့ ပါဝင်မည်ဖြစ်သည်။ မြန်မာ့ကျောက်မျက် ရတနာအခန်းကဏ္ဍ ပိုမိုတိုးတက်စေရန်နှင့် အဆင့်မြင့်လက်ဝတ်ရတနာ အချောထည် ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။


ရတနာကုန်သည်များအတွက် CB ဘဏ်မှ ကောင်တာဖွင့်လှစ်ထားရှိပြီး ပြည်ပမှ ရတနာကုန်သည်များ Visa Master Card ဖြင့် အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ထားသည်။ ATM စက်များထားရှိပြီး အလွယ်တကူငွေထုတ်ယူနိုင်မည်ဖြစ်သည်။


 ကျောက်မျက်ရတနာမှ ရရှိသည့် အခွန်ဘဏ္ဍာငွေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးအတွက် ရည်ရွယ်ကြောင်း သိရှိရသည်။ 


(အောင်သူရ)