ကျောက်ဖြူခရိုင်ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် ရောဂါပျောက်ကင်းသူ ၁၁ ဦး ထပ်မံဆေးရုံဆင်းခွင့်ရရှိ

ကျောက်ဖြူ   ၁၃  အောက်တိုဘာ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသနေပြီး ရောဂါ သက်သာပျောက်ကင်းသူ ၁၁ ဦးအား ယနေ့ မွန်းလွဲပိုင်းက ထပ်မံ၍ ဆေးရုံဆင်းခွင့်ရရှိခဲ့သဖြင့် ရောဂါသက်သာ ပျောက်ကင်းသူ စုစုပေါင်း ၂၄၂ ဦးအထိ ဆေးရုံဆင်းခွင့်ပြုထားပြီဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆေးရုံဆင်းခွင့်ရသူများအား မိမိနေအိမ်တွင် (၇)ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရန် အချက်များကို တိကျစွာလိုက်နာကြရန် တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုဆရာမများက မှာကြားပြီး ဆေးရုံဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသူများအား မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ 

ကျောက်ဖြူမြို့တွင် ဩဂုတ် ၂၅ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၉၉ ဦးအထိရှိရာ ယနေ့တွင် ရောဂါပျောက်ကင်းသူ ၁၁ ဦး ထပ်မံဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၄၂ ဦးအထိ ရှိပြီဖြစ်ကာ ဆေးရုံတွင် ၅၇ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဦးရဲလွင်မောင်ထံမှ သိရသည်။

ဖြိုးဝေလင်း(ခရိုင်ပြန်ဆက်)