ကျောက်ဖြူမြို့၌ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေး

ကျောက်ဖြူ        ဇွန်       ၁၅

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဌာန(EPGE)နှင့် CNTIC VPOWER KY3 LIMITED တို့မှ တာဝန်ယူဆောင်ရွက်မည့် မဂ္ဂါဝပ် ၁၅၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (ကျောက်ဖြူ) စီမံကိန်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ (နယ်ပယ်တိုင်းတာခြင်း အစီရင်ခံစာ) ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၄ ရက်က ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ  ဥပ‌ဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် CNTIC VPOWER KY3 LIMITED ကုမ္ပဏီမှ Associate Director, Sustainability ဦးသပြေမျိုးဦးက မဂ္ဂါဝပ် ၁၅၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (ကျောက်ဖြူ) စီမံကိန်းအကြောင်းအရာများနှင့်ပတ်သက်၍  နယ်ပယ်တိုင်းတာသတ်မှတ်ခြင်း အစီရင်ခံစာအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် Resource and Environment Myanmar Co., Ltd.(REM) အကြံပေးကုမ္ပဏီမှ    ဒေါ်ခင်ဥမ္မာထွေးက စီမံကိန်းနှင့်စပ်လျဉ်း၍ နယ်ပယ်သတ်မှတ်ခြင်း လေ့လာမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်(EIA) လေ့လာမည့်အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေ ကြားသည်။

 

အဆိုပါအခမ်းအနားသို့  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှာ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ ရပ်/ကျေး အုပ်ချုပ်‌ရေးမှူးများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်းဦး၊ဖြိုးဝေလင်း