ကျောက်ပန်းတောင်းမြို့တွင် သီတင်းကျွတ်မတိုင်မီ ပခုက္ကူနယ်ဘက်မှ လာရောက်ရောင်းချသော ဆီစိမ်စက္ကူပတ် ရောင်စုံမီးပုံးများ အရောင်းသွက်လျက်ရှိ

ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၅

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် သီတင်းကျွတ်ကာလမတိုင်မီ ပခုက္ကူနယ်ဘက်မှ လာရောက်ရောင်းချသည့် ဆီစိမ်စက္ကူပတ် ရောင်စုံမီးပုံးများ အရောင်းသွက်လျက်ရှိပြီး ရောင်စုံမီးပုံးအရွယ်စုံနှင့် ရောင်စုံသင်္ဘောရုပ်ကြီးများ၊ ယုန်ရုပ်မီးပုံးကြီး မျိုးစုံတို့ကို မြို့လယ်လမ်းမ လမ်းဘေးပလက်ဖောင်းပေါ်တွင် ရောင်းချလျက်ရှိသည်။

 

အဆိုပါ ဆီစိမ်စက္ကူ ရောင်စုံမီးပုံးများကို ပခုက္ကူနယ်ဘက်မှ မော်တော်ကားဖြင့် ကားတစ်စီးအပြည့် အရုပ်များတင်ဆောင်လာပြီး ကျောက်ပန်းတောင်းမြို့ပေါ် မိန်းလမ်းမကြီးဖြစ်သည့် ရန်ကုန် - ပြည် - မန္တလေးလမ်းမကြီးဘေး ပလက်ဖောင်းပေါ်တွင် ရောင်းချကြကြောင်း၊ သီတင်းကျွတ်အမီ မြန်မာ့ရိုးရာ ရောင်စုံမီးပုံး လာရောက်ဝယ်ယူကြပြီး ကလေးများကလည်း ရောင်စုံသင်္ဘောရုပ်များ၊ အသံမည်သော တုတ်ထိုးယုန်ရုပ်များကို နှစ်ခြိုက်သဘောကျကြကြောင်း သိရသည်။

 

“ကျွန်တော်တို့က ပခုက္ကူက လာရောင်းတာ။ အရင်နှစ်တွေကတော့ ပခုက္ကူမြို့ပေါ်နဲ့ ပုဂံ/ညောင်ဦး မြို့ပေါ်တွေမှာပဲ ရောင်းဖြစ်ခဲ့တာပါ။ ဒီနှစ်မှ ကျောက်ပန်းတောင်းကို ကားနဲ့လာရောင်းတာ။ ရောင်းရပါတယ်၊ ကျွန်တော်တို့ ဒီ Hijet ကားလေးနဲ့အပြည့် မီးပုံးတွေတင်လာတာ အခု ကုန်ခါတောင်နီးနေပါပြီ။ နေ့ချင်းပြန်လာတာဆိုတော့ ညနေ နေမဝင်ခင် ကျွန်တော်တို့ပြန်ကြမှာပါ။ မပြန်ခင်တော့ ကုန်လောက်တယ်။ မနက်ဖြန်တော့ တစ်နေကုန် အရုပ်ကြမ်းလေးတွေလုပ်ပြီး သန်ဘက်ခါဆို နောက်တစ်ခေါက်ပြန်လာမှာပါ။ ဒီရောက်မှ အချောလုပ်စရာရှိတဲ့ ရောင်စုံစက္ကူကပ်တာ၊ အလှစက္ကူကပ်တာလေးတွေ၊ တုတ်တတ်တာတွေ လုပ်ရင်းကိုင်ရင်းနဲ့ ရောင်းချသွားမှာပါ” ဟု အဆိုပါ မီးပုံးရောင်းချသူက ပြောသည်။

 

ရောင်စုံမီးပုံးများ ရောင်းချရာတွင် ဆီစိမ်စက္ကူ ရောင်စုံမီးပုံး အသေး ၁၅၀၀ ကျပ်၊ သင်္ဘောရုပ် မီးပုံးအကြီး တစ်ခု ၃၀၀၀ ကျပ်၊ အသံမြည်သည့် တုတ်ထိုး ယုန်ရုပ် မီးပုံးအကြီးတစ်ခု ၃၀၀၀ ကျပ်နှင့် လေယာဉ်ပျံရုပ်အကြီးတစ်ခု ၃၅၀၀ ကျပ် ရောင်းချရကြောင်း သိရသည်။

 

လျှပ်စစ်ရောင်စုံမီးအလှများဖြင့် အသားကျနေသည့် ကလေးငယ်များအတွက် မြန်မာ့ရိုးရာလက်လုပ် ဆီစိမ်စက္ကူမီးပုံးလေးများမှာ အမြင်ဆန်းနေပြီး စိတ်ဝင်စားဘွယ် ကောင်းနေသည့်အပြင် ဝါးခြမ်းနှင့် ဆီစိမ်စက္ကူကိုသာသုံး၍ ပြုလုပ်ထားခြင်း ဖြစ်သော်လည်း သီတင်းကျွတ်အခါသမယအတွက် ပျော်ရွှင်ကြည့်နူးဘွယ် ကစားစရာအရုပ်များအဖြစ် နှစ်ခြိုက်စွာဝယ်ယူနေကြသဖြင့် မီးပုံးပြုလုပ်ရောင်းချသူများ အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

 

ကိုနေ(ကျောက်ပန်းတောင်း)