ကော့ကရိတ်-ကျုံဒိုးကားလမ်းမပေါ်တွင် မျက်နှာကြက်ကျောက်ပြားတင်ဆောင်လာသည့် (၂၂)ဘီးယာဉ် တိမ်းမှောက်

ကော့ကရိတ် ၂၄  မတ်

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကျုံဒိုးကားလမ်း မိုင်တိုင် ၁၂၆/၁၂၇ကြား၊  (၈)တိုင် အနီးတွင် (၂၂)ဘီးယာဉ်တစ်စီး မတ်၂၄ရက် နံနက်၇နာရီခွဲက တိမ်းမှောက်နေကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်စု (၇၁)မှ ရဲအုပ် သန်းနိုင်ဆွေ၊ ကော့ကရိတ်မြို့စခန်းတာဝန်မှူး ဒုရဲအုပ်နီနီဝင်းတို့မှ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ် မတ် ၂၄ရက် နံနက်၃နာရီခန့်အချိန် ကော့ကရိတ်ဘက်မှ ကျုံဒိုးဘက်သို့ ယာဉ်မောင်းစည်သူအောင်(၃၀)နှစ်၊ အမှတ်(၆)ရပ်ကွက်၊ ကျောက်ထုမြို့၊ ဆောမြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် မြင့်သူ(၂၃)နှစ်၊ ရွှေတန်းအနောက်ကျေးရွာ၊ ဘုရားကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး နေသူလိုက်ပါလာသော ယာဉ်အမှတ် 5N/---- စီနိုအမျိုးအစား၊ (၂၂)ဘီး(အဖြူရောင်) တွဲယာဉ်သည် ယာဉ်ပေါ်တွင် မျက်နှာကြက်ကျောက်ပြားများ တင်ဆောင်မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက် လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်၏ ဦးခေါင်းပိုင်းပိန်ချိန့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ကော့ကရိတ်မြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

 

စိုးထက်အောင်(ကော့ကရိတ်)