ကောက်ရိုးများကို မီးမရှို့ဘဲ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီး တောင်သူဝင်ငွေတိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော် ဇွန် ၁၇

စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကို ဇွန် ၁၅ နံနက်ပိုင်းက (၃၈)ကြိမ်မြောက်အဖြစ် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများ၊ ပုပ္ဗသီရိမြို့နယ်မှ တောင်သူ(၃၇)ဦး စိုက်ပျိုးရေးပညာရှင်ဝန်ထမ်း (၇၅)ဦး၊ Zoom ဖြင့်တက်ရောက်သူ (၉၀) စုစုပေါင်း (၂၀၂)ဦး တက်ရောက်ကြကာ "ကောက်ရိုးမှိုနှင့်ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာဥမ္မာခင် နှင့်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးမင်းစိုးတို့က ကောက်ရိုးမှိုနှင့်ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယနေ့ မှိုစိုက်ပျိုးထုတ်လုပ်မှုရည်ရွယ်ချက်များမှာ မိမိတို့နိုင်ငံ၏ မိုးစပါး ဧက(၁၅)သန်း၊ နွေစပါး ၂ ဒသမ ၅ သန်းမှ ရရှိသော ကောက်ရိုးများကို သီးထပ်စိုက်ရန် ရှင်းလင်းရာတွင် မီးမရှို့ဘဲ ဘက်ပေါင်းစုံမှ အကျိုးရှိအောင် အသုံးချခြင်း နည်းလမ်းများထဲမှ တစ်မျိုးဖြစ်သည့် ကောက်ရိုးကို အသုံးချ၍ မှိုမျိုးစုံစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းကို တောင်သူကြီးများ လုပ်ကိုင်လာကြစေခြင်းဖြင့် မှိုစိုက်ပျိုးရေးနှင့် မှိုမျိုးထုတ်လုပ်ခြင်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ထွန်းကာလာစေရန်ဖြစ်ကြောင်း။ 

လေ့လာထားရှိချက်များအရ စပါး ကောင်း၊ သင့်၊ ညံ့ပေါ်မူတည်၍ စပါး (၁)တန်ထွက်လျင် ကောက်ရိုး(၁)တန်မှ (၁.၅)တန်ထိထွက်ရှိနိုင်ပြီး လက်ရှိပျမ်းမျှအထွက်နှုန်းနှင့်ဆိုပါက ကောက်ရိုး(၃)တန်မှ (၃.၅)တန်ထွက်ရှိနိုင်ကြောင်း၊ စပါးအလွန်ကောင်းပါက ကောက်ရိုး (၄)တန်မှ (၅)တန် အထိထွက်ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာနက မူဝါဒတစ်ရပ်အနေဖြင့် ကောက်ရိုးမီးမရှို့ရေးနှင့် ကောက်ရိုးမှ တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်စာနှင့် မြေဆွေးပြုလုပ်သုံးစွဲရေး၊ မှိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့အတွက် သုတေသနပြုခြင်းနှင့် နည်းပညာ ပြန့်ပွားရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း။

စိုက်ပျိုးထုတ်လုပ်သည့် ကောက်ရိုးမှိုများကို ဘေးကင်းအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် ဟင်းခတ်အမှုန့်များ ထုတ်လုပ်နိုင်သည်အထိ စမ်းသပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မှိုနှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဟင်ခတ်မှုန့်ပြုလုပါမည်ဆိုပါ မည်သည့်မှိုက အချိုဆုံးဖြစ်ပြီး သင့်တော်ဆုံးဖြစ်သည်ကိုလည်း သိရှိရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တောင်သူနည်းပညာဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ မွေးမြန်းချက်များကို သက်ဆိုင်ရာ ပညာရှင်များက ဖြေကြားခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်