ကျောက်တော်မြို့၌ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို

ကျောက်တော်   ဇန်နဝါရီ   ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဒိုင်းဆု ရရှိလာသော ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက သာသနာ့ ဗိမာန်တော်ကြီးရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ချန်ပီယံဒိုင်းဆုကြီး ရရှိလာသော ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာပြီး စစ်တွေမြို့မှ ရွှေပြည်သစ် Express မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ ကျောက်တော်မြို့သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ အားကစားဝါသနာရှင်များက အောင်ပွဲရယူပြီး ပြန်လာခဲ့သော ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းမှ အားကစားသမားများ၊ အုပ်ချုပ်သူနှင့် အသင်းနည်းပြများအား ဂုဏ်ပြုပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ ပထမဒိုင်းဆုရရှိသော ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းသည် ကျောက်တော်မြို့အတွင်း မြို့တစ်ပတ်လှည့်လည် အောင်ပွဲခံနေစဉ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)