ကျောက်တော်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တော်  ဒီဇင်ဘာ ၂၇

 

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့၌   မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။  

 

ရှေးဦးစွာ  မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

 

ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဝေယံအောင်က လူမှုဝန်ထမ်းဦးစီးဌာနက လက်ရှိဆောင်ရွက်ပေးနေသော ကလေးသူငယ်မှုခင်းများ၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)