ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် T-Shirt ၊ Mask နှင့် နှိုးဆော်စတစ်ကာများ ဖြန့်ဝေ

ကျောက်တံတား စက်တင်ဘာ ၂၀

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများ သွားလာမှု အများဆုံးနေရာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် အသိပညာပေး စာတမ်းများပါသည့် T Shirt ၊ Mask နှင့် နှိုးဆော်စတစ်ကာများကို ယနေ့နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ်၏ လူစည်ကားရာနေရာများဖြစ်သည့် မြို့တော်ခန်းမ (ဘတ်စ်ကားမှတ်တိုင်) များတွင် YBS ကားများကို နှိုးဆော်စတစ်ကာများကပ်ခြင်း၊ ယာဉ်မောင်းများကို T-Shirt များ ဖြန့်ဝေခြင်းနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း (Mask) များဖြန့်‌ဝေခဲ့ကြောင်း သိရသည်။

 

အဆိုပါ T Shirt ၊ Mask နှင့် နှိုးဆော်စာများ ဖြန်ဝေသည့်နေရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လာရောက်၍ ကြည့်ရှုအားပေးခဲ့ပြီး အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယခုဖြန့်‌ဝေသည့် T-Shirt နောက်ကျောတွင် “ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုကာကွယ်ရန် Stop Covid-19” စာတမ်းအပါအ၀င် “Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ” စာသားများရေးသားထားပြီး အဆိုပါ T-Shirt များကို ယာဉ်မောင်းများအနေဖြင့် ရက်သတ္တတစ်ပတ်ကြာ ဝတ်ဆင်မောင်းနှင်ကြမည်ဖြစ်သည်။ အလားတူ ခရီးသွားပြည်သူများကို Mask များဝေငှပြီး ကိုယ်တိုင်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယခုလို ဆောင်ရွက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင်များတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ အလှည့်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရွှေဇင်ခိုင်(ပြန်/ဆက်)