ကောလင်းမြို့တွင် အအေးပိုလာသည့်အတွက် အနွေးထည်များရောင်းအားကောင်း

ကောလင်း  ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင်ဒီဇင်ဘာလဆန်းပိုင်းမှအစပြု၍ ဆောင်းရာသီ အအေးဒဏ် လွန်ကဲလာခြင်းကြောင့် ထူထဲသည့်အနွေးထည်များနှင့်စျေးချိုသည့်ဘေထုပ်အနွေးထည်များ ယခုရက်ပိုင်း ရောင်းအား ပိုမိုကောင်းလာကြောင်းသိရသည်။

''ဒီနှစ်ဆောင်းရာသီရဲ့ အအေးပိုလာတဲ့အတွက် လက်ရှိပုံမှန် ရောင်းနေတဲ့ ဘေထုပ်အပြင် အခြား အအေးဒဏ်ခံ အနွေးထည်ကို စိတ်ဝင်စားသူတွေနဲ့ ဝယ်ယူအားပေးတဲ့သူတွေများလာပါတယ်။ လွန်ခဲ့တဲ့ဆောင်းရာသီတွေမှာ အနွေးထည် ကလေးဝတ်၊ လူကြီးဝတ်အစုံ ရောင်းရတယ်။ ရုံးပိတ်ရက်တွေဆိုရင် တစ်ရက်ကိုပုံမှန် ငါးသိန်းကနေ ရှစ်သိန်းအထိရောင်းရတဲ့ရက်တွေ လည်းရှိလာပါတယ်။ ကျွန်မတို့ထက် ပိုရောင်းကောင်းတာက ကျွန်မတို့ ဘေထုတ်တွေဖောက်တဲ့အခါမှာ အနွေးထည်တွေကတော့ အမျိုးမျိုးပဲ။ ဂျင်းထည်၊ ဂျာကင်ထည်၊ ဘောင်းဘီ အထူအပါး၊ သက္ကလတ်၊ ကုတ်၊ လောင်းကုတ် စတာတွေကို ရွေးပြီးကျေးရွာတွေဘက်မှာ သွားရောင်းကြတော့  တစ်ဆင့်ခံပြန်လည်ရောင်းချသူတွေ ပိုလို့အဆင်ပြေကြပါတယ် "  ဟု ဘေထုတ်ရောင်းချသူ အမျိုးသမီး တစ်ဦးကပြောပြသည်။

ကောလင်း၊ ဝန်းသိုတွင် နှစ်စဥ်ဆောင်းရာသီရောက်ပါက စျေးနှုန်းချိုသာသော အနွေးထည်များကို အခြေခံလူ တန်းစားများသာမက ငွေကြေး ချမ်းသာသည့်အသိုင်းအဝိုင်းများ အထိ ဝယ်ယူဝတ်ဆင်ကြပြီး ဂျင်း၊ သက္ကလတ်၊ လောင်းကုတ်၊ ဂျာကင်၊ ပိုလီဖီးအင်္ကျီ၊ဘောင်းဘီ၊ ခြုံစောင် အမျိုးမျိုး၊ ခေါင်းစွတ်၊ လက်အိတ်၊ ခြေစွပ်၊ ဘောင်းဘီ၊ အင်္ကျီအနွေးထည်များမှာ ပုံမှန်ရောင်းချနေကြရပြီး ယခုနှစ်ဆောင်းရာသီတွင် အအေးပိုလာသည့်အတွက် ယခင်နှစ်များထက် ပိုမိုရောင်းကောင်းကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)