ကော်မရှင်အဖွဲ့ဝင်များ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၇

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဦးတင်အောင်တို့ ဦးဆောင်သော အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များနှင့် အဆောက်အဦများတွင် သက်ကြီးရွယ်အိုများ သက်တောင့်သက်သာနေထိုင်နိုင်မှု ရှိ/မရှိ၊ မသန်စွမ်းဘိုးဘွားများအား ပြန်လည်သန်စွမ်းနိုင်ရေး လေ့ကျင့်ဆောင်ရွက်ပေးနေမှုနှင့် အနားယူအပန်းဖြေရန်  စီစဉ်ဆောင်ရွက်ပေးထားမှုနှင့် အခြေခံလူ့အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွားများအား နွေးထွေးပျူငှာစွာ လိုက်လံတွေ့ဆုံခဲ့ပြီး ကျန်းမာရေးအခြေအနေများကို ကြည့်ရှုမေးမြန်းကာ အားပေးစကားများ ပြောကြားဂါရဝပြုကြသည်။

ကော်မရှင်အဖွဲ့၏ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာကို ကြည့်ရှုစစ်ဆေးရေးခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်