ကျောင်းအပ်နှံကြပါစို့

ရေနံ့သာမောင်ကျော်ညွန့်

ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ မြန်မာတို့၏ စာတတ်မြောက်မှုနှုန်းက မြင့်မားခဲ့သည်။ ၈၅ ရာခိုင်နှုန်းအထိရှိခဲ့၏။ ကုန်းဘောင်ခေတ်နှောင်းကာလတွင်  ဗြိတိသျှနယ်ချဲ့တို့က တတိယကျူးကျော်စစ်နှင့် နယ်ချဲ့လာမှုကြောင့် ဗြိတိသျှနယ်ချဲ့လက်အောက်သို့ မြန်မာတစ်နိုင်ငံလုံး ကျရောက်ခဲ့ရသည်။ မြန်မာတို့၏အမျိုးသားရေးစိတ်ဓာတ်ပြင်းပြမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှနယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့သည်။ သို့ရာတွင် ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီးခါစ မြန်မာတို့၏ စာတတ်မြောက်မှုနှုန်းသည် ၃၅ ရာခိုင်နှုန်းသာရှိနေတော့သည်။

ကိုလိုနီအမွေဆိုးကို ထားရစ်ခဲ့

ဗြိတိသျှနယ်ချဲ့တို့၏ လက်အောက်မကျရောက်မီ မြန်မာဘုရင်များလက်ထက်တွင် မြန်မာတို့၏ စာတတ်မြောက်သူဦးရေသည် ၈၅ ရာခိုင်နှုန်းအထိ များပြားခဲ့ပြီး စာမတတ်သူဦးရေမှာ ၁၅ ရာခိုင်နှုန်း မျှသာရှိခဲ့သည်။  ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက်သည့်အချိန်တွင် မြန်မာလူမျိုးတို့၏ စာတတ်မြောက်သူဦးရေသည်  ၃၅ ရာခိုင်နှုန်းသာရှိနေပြီး စာမတတ်မြောက်သူဦးရေမှာ ၆၅ ရာခိုင်နှုန်းအထိ များပြားခဲ့သည်ကို တွေ့ရှိရသည်။ ဗြိတိသျှ နယ်ချဲ့တို့လက်အောက်မှ   လွတ်မြောက်ပြီးခါစ မြန်မာနိုင်ငံတွင်  မြန်မာတို့၏  စာတတ်သူဦးရေ နည်းပါးလာပြီး စာမတတ်သူဦးရေ များပြားလာခဲ့ရပေသည်။ ထိုသို့စာမတတ်သူဦးရေ  များပြားလာ အောင်လည်း ဗြိတိသျှနယ်ချဲ့တို့က ကိုလိုနီအမွေဆိုးကို ထားရစ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးသည့်အခါ မြန်မာတစ်မျိုးသားလုံး၏ စာတတ်မြောက်မှုနှုန်း လျော့ပါးနိမ့်ကျသွားအောင် စနစ်တကျအကွက်ချ၍ အကွက်ကျကျစီမံဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။  မြန်မာတို့သည်  စာမတတ်သူဦးရေ များပြားလာသည်နှင့်အမျှ မြန်မာလူမျိုးတို့၏ ဇာတိသွေး ဇာတိမာန်များညှိုးမှိန်လာမည်၊ မြန်မာလူမျိုးတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများ ပျောက်ကွယ်လာမည်၊ မြန်မာလူမျိုးတို့၏မျိုးချစ်စိတ်များ အညွန့်ကျိုးလာမည်၊ ဗြိတိသျှနယ်ချဲ့တို့က မြန်မာတို့ကို  ပန်းကောင်းအညွန့်ကျိုးဖြစ်အောင် အညွန့်ချိုးထား လိုသည်။ ထိုသို့သောစေတနာဆိုးများဖြင့် မြန်မာတစ်မျိုးသားလုံး၏ စာတတ်မြောက်မှုနှုန်း လျော့ပါးနိမ့်ကျသွားအောင် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  သို့မှသာ ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ကို စိတ်တိုင်းကျဗိုလ်ကျစိုးမိုးနိုင်ပြီး  ကိုလိုနီသက်တမ်း ကြာရှည်စေမည်ဖြစ်သည်။

ဗြိတိသျှနယ်ချဲ့တို့က နယ်ပယ်စုံတွင် အမျိုးမျိုး ဖိနှိပ်စိုးမိုးခြယ်လှယ်နေသော်ငြား မြန်မာတို့၏ဇာတိသွေး ဇာတိမာန်တို့က ညှိုးမှိန်မသွားပေ။ တိုး၍တိုး၍ နိုးကြွနေသည်။ မြန်မာတို့၏ အမျိုးသားရေးစရိုက် လက္ခဏာများက ပျောက်ကွယ်မသွားပေ။ တိုး၍ တိုး၍ ရှင်သန်ကြီးထွားနေသည်။ မြန်မာတို့၏မျိုးချစ် စိတ်များက အညွန့်ကျိုးမသွားပေ။ အညွန့်တလူလူနှင့် ခေါင်းထောင်နေသည်။ ထိုထိုသောအကြောင်း တရားများကြောင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့  ဗြိတိသျှနယ်ချဲ့တို့၏လက်အောက်မှ လွတ်မြောက် အောင် ရုန်းထွက်နိုင်ခဲ့ပေသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မတတ်သာသည့်အဆုံး၌  မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ကို  လွတ်လပ်ရေးပေးခဲ့ရ၏။ သို့သော်လည်း လွတ်လပ်ရေးချည်းပေးခဲ့ခြင်းမဟုတ်ပေ။ ရေရှည်ဆိုးကျိုးကို ရည်ရွယ်ပြီး စီမံအကောင် အထည်ဖော်ခဲ့သော  စာမတတ်သည့်အမွေဆိုးကိုပါ ရောနှောပေးခဲ့ခြင်းဖြစ်ပေသည်။

စာမတတ်သူ လုံးဝပျောက်ကွယ်သွားသည်အထိ စီမံဆောင်ရွက်

လွတ်လပ်ရေး  ရပြီးသည်နှင့်တစ်ပြိုင်နက် ဗြိတိသျှနယ်ချဲ့တို့ ထားရစ်ခဲ့သော ကိုလိုနီအမွေဆိုး ဖြစ်သည့် စာမတတ်သူများပြားနေပြီး စာတတ်သူ နည်းပါးနေသည်ကို စာတတ်သူဦးရေ များပြားလာပြီး စာမတတ်သူ လုံးဝပျောက်ကွယ်သွားသည်အထိ စီမံဆောင်ရွက်ခဲ့ကြရသည်။ စာမတတ်သူ ပပျောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး စီမံဆောင်ရွက်ကြရခြင်းဖြစ်သည်။ ထိုသို့ စီမံဆောင်ရွက်ကြရခြင်းမှာ မြန်မာလူမျိုးအားလုံးကို တစ်ယောက်မကျန်  စာတတ်စေလိုသောကြောင့် ဖြစ်သည်။  စာတတ်မှသာ စာထဲမှ  အသိပညာ၊ အတတ်ပညာများကို  ရှာဖွေရယူနိုင်မည်ဖြစ်ပေသည်။ စာထဲမှ ရရှိလာသည့် အသိပညာဖြင့် ဘဝ လမ်းကြောင်း မတိမ်းစောင်းအောင် ထိန်းကျောင်းနိုင် သည်။ စာထဲမှ  ရရှိလာသော အတတ်ပညာဖြင့် ဘဝအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည်။

စာတတ်သူသည် ထိုသို့သောကောင်းကျိုးကို ရရှိနိုင်မည်ဖြစ်သောကြောင့် စာမတတ်သူ ပပျောက်ရေးလုပ်ငန်းကို ခေတ်အဆက်ဆက် စီမံဆောင်ရွက်ခဲ့ရာ ယနေ့ကာလတွင်  စာမတတ်သူ  မရှိတော့သလောက် နည်းပါးလာခဲ့ပြီဖြစ်သည်။ သို့ရာတွင် စာမတတ်သူက မဆိုစလောက်ကြွင်းကျန်နေသေး၏။  ထိုအကြွင်းအကျန်မျှ  ကျန်နေသေးသော စာမတတ်သူများမှာ  ကျောင်းနေအရွယ်လွန်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။

ယခုအခါတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေအရွယ်တွင်  ကျောင်းမနေခဲ့ရဘဲ စာမတတ်သေးသည့် ကျောင်းနေအရွယ်လွန်များကို တစ်ယောက်တလေ မျှမကျန်ရအောင်  ကောက်သင်းကောက်ယူပြီး စာသင်ပေးလျက်ရှိသည်။ ထိုသို့ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက ဆောင်ရွက်ပေး နေခြင်းဖြင့်  ကျောင်းနေအရွယ်လွန်  သက်ကြီးစာမတတ်သူများ လုံးဝပပျောက်သွားမည်ဖြစ်သည်။ ကျောင်းနေအရွယ်တွင် ကျောင်းနေခွင့်မရခဲ့သည့် စာမတတ်သူ ကျောင်းနေအရွယ်လွန်များ ပပျောက်သွားမှသာ စာမတတ်သူ လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းနေအရွယ်များအားလုံး ကျောင်းနေရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူပြီး အရေးတကြီးဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ယနေ့ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော   ဒီမိုကရေစီနိုင်ငံတော်  တည်ဆောက်ရေးအတွက် လိုအပ်သည့်   လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင် ရေး”ဟူ၍  လူမှုရေးဦးတည်ချက်ကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည့် ကျောင်းနေအရွယ် ကလေးအားလုံးကို မြေတောင်မြှောက်ပေးလျက်ရှိသည်။  ရှေးဦးစွာ “ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေး”၊ “အတန်းကူးပြောင်းမှုနှုန်း  မြင့်မားရေး”၊  “အနည်းဆုံး (သူငယ်တန်း+ ဒွါဒသမတန်း အတန်းစဉ်မှ)  နဝမ တန်းအထိ သင်ယူမှုပြီးမြောက်ရေး” တို့ကို  အလေးအနက်ထားပြီး အင်တိုက်အားတိုက်စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းနေစရိတ်အမျိုးမျိုးကို  ကင်းလွတ်ခွင့်ပေး

“ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေး”၊ “အတန်းကူးပြောင်းမှု နှုန်းမြင့်မားရေး”၊  “အနည်းဆုံး  (သူငယ်တန်း+ ဒွါဒသမတန်း အတန်းစဉ်မှ) နဝမတန်းအထိ သင်ယူမှုပြီးမြောက်ရေး”တို့ကို  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိဘများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့်   ကျောင်းနေစရိတ်အမျိုးမျိုးကို  ကင်းလွတ်ခွင့်ပေးပြီး နိုင်ငံတော်က ကျခံပေးသည့် အပြင်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊  ဗလာ စာအုပ်၊  ခဲတံ  အစရှိသည့်စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကိုပါ အခမဲ့ပေးဝေကာ ထူးချွန်ထက်မြက်ပြီး  ဆင်းရဲနွမ်းပါးသည့်ကျောင်းသား ကျောင်းသူများကိုလည်း ပညာသင်စရိတ်များ  ထောက်ပံ့ပေးလျက်ရှိသည်။

ကျောင်းနေအရွယ်ကလေးများ သင်ယူမှုအခွင့်အလမ်း လက်လှမ်းမီစေရန်အတွက် အခြေခံပညာ မူလတန်းကျောင်းခွဲများ၊ အခြေခံပညာမူလတန်း ကျောင်းများ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊  အခြေခံပညာအထက်တန်းကျောင်းခွဲများ၊  အခြေခံပညာ အထက်တန်းကျောင်းများကို ကျေးရွာများအထိ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည့်နည်းတူ  ကျောင်းဥပဓိရုပ်ကောင်းမွန်အောင်  ပြုပြင်မွမ်းမံပေးခြင်း၊ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ကျောင်းစာကြည့်တိုက်များ ထူထောင်ပေးခြင်းတို့ကို လည်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းသုံး ပရိဘောဂများ၊ သိပ္ပံခန်းသုံးပစ္စည်းများ၊ အားကစား သုံးပစ္စည်းများ စသည်တို့ကိုလည်း ဖြည့်ဆည်းပေး လျက်ရှိသည်။ ထိုသို့ နိုင်ငံတော်က အဘက်ဘက်မှ ဆောင်ရွက်ပေးနေခြင်းမှာ ကျောင်းနေအရွယ်ကလေး များအားလုံး  ကျောင်းနေပျော်၍  စာတော်ပြီး  ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း မျိုးဆက်သစ်လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာစေချင်သောကြောင့်ဖြစ်သည်။

 တက်ညီလက်ညီပူးပေါင်းဆောင်ရွက်

နိုင်ငံတော်က ဦးတည်ဆောင်ရွက်ပေးနေသည့် “ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေး”၊ “အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေး”၊ “အနည်းဆုံး (သူငယ်တန်း+ဒွါဒသမတန်း အတန်းစဉ်မှ)   နဝမတန်းအထိ   သင်ယူမှု ပြီးမြောက်ရေး” တို့ကို ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပညာရေးကို လိုလားပြီး စေတနာထက်သန်သည့်  ပညာရေးအလှူရှင်များ၊ မိဘပြည်သူများအားလုံးက တက်ညီလက်ညီ တစ်ခဲနက်ပူးပေါင်းဆောင်ရွက်မှုကြောင့်   နှစ်စဉ် တိုးတက်အောင်မြင်လာသည်များကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပြီဖြစ်ပါသည်။ ထိုသို့ တွေ့မြင်နေရသော တိုးတက်အောင်မြင်မှုများသည် မကြာမီကာလတွင် နိုင်ငံတော်တစ်ဝန်း၌ ဖူးပွင့်လာမည့် လူ့စွမ်းအားအရင်းအမြစ်အသီးအပွင့်များဖြစ်သည်။ ထိုလူ့စွမ်းအားအရင်းအမြစ်အသီးအပွင့်များ သီးပွင့်လာသည်နှင့်တစ်ပြိုင်နက် မိဘတို့သည် “ဆင်စီးမြင်းရံ”နေသောသားသမီးများကို မြင်တွေ့ကြရပေမည်။  အမိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီးသည်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ်  ကမ္ဘာ့အလယ်တွင် မျက်နှာပန်းလှလှဖြင့် အထက်တန်းကျကျရပ်တည် နိုင်မည်ဖြစ်သည်။

ပညာပြည့်ဝ၊ နှလုံးလှ

ယနေ့ကျောင်းနေအရွယ်  လူငယ်မောင်မယ်များသည် မကြာတော့သောကာလတွင် တစ်ဦးချင်း စီ၏တာဝန်များ၊ မိသားစု၏တာဝန်များ၊ ရပ်ရွာ၏တာဝန်များ၊ လူမှုအဖွဲ့အစည်း၏တာဝန်များ၊ နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင် ကြရပေတော့မည်။  ထိုထိုသောတာဝန်များကို “ပညာပြည့်ဝ၊ နှလုံးလှ” သူများကသာ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပေမည်။ အခြေခံပညာသင်ကျောင်းများသည် ပညာအခြေခံကောင်းများနှင့် အတူ “ပညာပြည့်ဝ၊ နှလုံးလှ”သူများ ဖြစ်ပေါ်လာ အောင်  သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။ ထို့ကြောင့် မိဘများအနေဖြင့် မိမိရင်သွေးကျောင်းနေ အရွယ်ကလေးများ၏နောင်ရေး စိတ်အေးရအောင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့၊ ကျောင်းအမြန်အပ်နှံစို့” ဟု ရေးသားတိုက်တွန်း အပ်ပါသတည်း။ ။