ကောင်းကျိုးဆီသို့ ရှေးရှုလို့ ဖေ့စ်ဘွတ်သုံးစွဲစို

နန္ဒာဝင်း

နည်းပညာတိုးတက်လာမှုနှင့်အတူ သတင်းအချက်အလက်တို့၏ မြစ်ဖျားခံရာ ဆိုရှယ်မီဒီယာ၊ လူမှုကွန်ရက်စာမျက်နှာတို့ကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာသည်။ Facebook ၊ Twitter ၊ Google+ ၊ Wikipedia ၊ Linkedin ၊ YouTube တို့သည် လူသိများထင်ရှားသော ဆိုရှယ်မီဒီယာများ ဖြစ်ကြသည်။

ဖေ့စ်ဘွတ်သည် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် ပြုလုပ်နိုင်ပြီး ဓာတ်ပုံနှင့် ဗီဒီယိုများ၊ ကိုယ်ပိုင်အကြောင်းအရာများကို လွတ်လပ်စွာ တင်ပြ အသုံးပြုခွင့်ပေးထားသော လူမှုကွန်ရက်စာမျက်နှာတစ်ခု ဖြစ်သည်။ သတင်းအချက်အလက် လျင်မြန်စွာ ဖြန့်ဝေနိုင်ခြင်း၊ လူတန်းစားမရွေး သုံးစွဲနိုင်ခြင်းတို့ကြောင့် အများစုအသုံးပြုရာ အင်တာနက် နည်းပညာတစ်ခုလည်း ဖြစ်သည်။

၂၀ဝ၄ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ကျောင်းသား မက်ခ်ဇူကာဘာ့ဂ်နှင့် သူငယ်ချင်းများက မက်ခ်ဇူကာဘာ့ဂ် facebook.com ဒိုမိန်းအမည်ဖြင့် လူမှုဆက်ဆံရေး ဝက်ဘ်ဆိုက်တစ်ခုကို စတင်တည်ထောင်ခဲ့ကြသည်။ ကျောင်းနေဖက် သူငယ်ချင်းများ၊ ကျောင်းသားအသိုက်အဝန်းမှ လူငယ်များအတွက် ကိုယ်ရေးဖိုင်များ၊ ဓာတ်ပုံများ မျှဝေနိုင်မည့် ကွန်ရက်တစ်ခုအဖြစ်သာ ရည်ရွယ်အသုံးပြုခဲ့ပြီး ၂၀ဝ၆ ခုနှစ်တွင် အခြားတက္ကသိုလ်များသို့ တိုးချဲ့ကာ အသက် ၁၃ နှစ်ပြည့်ပြီးသူတိုင်း အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့သည်။

ထိုမှ ယခုအခါ ကမ္ဘာပေါ်တွင် ဖေ့စ်ဘွတ်အသုံးပြုသူ တစ်ဘီလီယံကျော်ရှိလာပြီး အများစုမှာ လူငယ်နှင့် သက်လတ်ပိုင်းအရွယ်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ဖေ့စ်ဘွတ်အသုံးပြုနေကြပြီး အများစုမှာ မိုဘိုင်းဖုန်းဖြင့် သုံးစွဲကြသည်။ ညအိပ်ချိန် သန်းခေါင်ကျော်တိုင် သုံးနေကြသူများရှိသလို တစ်ရေးနိုးချိန်တွင် ဖေ့စ်ဘွတ်သုံးရင်း မိုးလင်းသူများလည်း ရှိသည်။

ထိုသို့ ဖေ့စ်ဘွတ် စွဲလမ်းလာမှုကို ဘလော့ဂါ နေဘုန်းလတ်ဟု လူသိများသော သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး ကျော်က “ဖေ့စ်ဘွတ် တည်ထောင်တဲ့ မက်ခ်ဇူကာဘာ့ဂ်က စိတ်ပညာကို ကျွမ်းကျင်တယ်။ ဖေ့စ်ဘွတ်က အမြဲတမ်း သုံးနေတဲ့ စကားရှိတယ်။ အဲဒါက လူတွေဘာလိုချင်သလဲဆိုတာ သူတို့သိတယ်။ လူတွေရဲ့စိတ်သဘာဝ၊ လူတွေရဲ့လိုအပ်ချက်ကိုသိပြီး အမြဲတမ်း ကြိုးစားနေတဲ့အတွက် ဖေ့စ်ဘွတ်ကို စွဲစွဲလမ်းလမ်း သုံးစွဲနေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လူမှုကွန်ရက် စောင့်ကြည့်သုတေသနပြုနေသည့်အဖွဲ့ (Social Media Development Myanmar - SMDM) က ဖေ့စ်ဘွတ်၏ ကောင်းကျိုးများအနေဖြင့် မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ထိတွေ့ဆက်သွယ်ရန် အကောင်းဆုံးနှင့် လွယ်ကူအဆင်ပြေဆုံးနေရာ၊ လူထုလှုပ်ရှားမှု၊ လွတ်လပ်စွာ ထုတ်ဖော်မှု စသည့်လှုပ်ရှားမှုများတွင် လူထုပါဝင်လာစေရန် ချိတ်ဆက် ဆောင်ရွက်နိုင်သည့်နေရာ၊ စီးပွားရေးအခွင့်အလမ်းသစ်များ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရာ နေရာတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

အခြားတစ်ဖက်တွင် ဆိုးကျိုးသက်ရောက်မှုအနေဖြင့် လူမှုကွန်ရက်ကို အလွန်အကျွံသုံးစွဲပါက စွဲလမ်းစေပြီး လူသားဆန်မှုများကို ကျဆင်းစေနိုင်ကြောင်း၊ အွန်လိုင်းမှာပင် အချိန်ကုန်နေသည့်အတွက် လူအများနှင့် ထိတွေ့ဆက်ဆံပြောဆိုမှုများ လျော့နည်းလာကြောင်း ဖော်ပြထားသည်။

“ဖေ့စ်ဘွတ်က ကောင်းကျိုးတွေအနေနဲ့ အများကြီးပဲ။ တစ်ကမ္ဘာလုံးကိုလည်း ချိတ်ဆက်လို့ရတယ်။ နည်းပညာအရလည်း သိပ်ပြီး ကျွမ်းကျင်စရာမလိုဘူး။ လွယ်လွယ်ကူကူ သုံးစွဲလို့ရတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ နေရာကွာဝေးနေပေမယ့်လည်း တွေ့ဆုံစကားပြောလို့ရတယ်။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံက လွတ်လပ်လာတော့ ပိုပြီးပြောချင် ဆိုချင်လာကြတယ်။ ပြောခွင့်ဆိုခွင ရလာတဲ့အချိန်မှာ ဖေ့စ်ဘွတ်က လွတ်လပ်စွာ ပြောဆိုခွင့်ရတဲ့ နေရာမျိုးဖြစ်တဲ့အတွက် သဘောကျ ကြတာဖြစ်ပါတယ်” ဟု ဘလော့ဂါ နေဘုန်းလတ်က ဆိုသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ စာပေ လေ့လာသင်ယူနိုင်ပြီး အသိအမြင်၊ ဗဟုသုတများ ဖြည့်ဆည်းနိုင်ခြင်း၊ အကြောင်းအရာ အဖြစ်အပျက်များကို ဝေမျှခြင်းဖြင့် အကြံဉာဏ်ကောင်းများ၊ အကူအညီများ ရလာနိုင်ခြင်းစသည့် အားသာချက်များလည်း ရှိသည်။

မြန်မာနိုင်ငံတွင် Facebook ၊ Messenger နှင့် Viber  ကို သုံးစွဲသည့် ရာခိုင်နှုန်းများပြားပြီး မိမိတို့သိရှိလိုသည့် အကြောင်းအရာ၊ သတင်းအချက်အလက်တစ်ခုကို Google တွင် ရှာဖွေရန်နှင့် ဆောင်းပါး Article များကိုဖတ်ရှုရန် အားနည်းနေဆဲဖြစ်သည်။

“ကျွန်တော့်အမြင်ကတော့ ညီမျှဖို့လိုပါတယ်။ ကျောင်းသူ ကျောင်းသားတွေကို ဖေ့စ်ဘွတ် မသုံးနဲ့လို့မပြောဘူး၊ သုံးလို့ရတယ်။ တစ်ဖက်ကလည်း ကိုယ်လေ့လာချင်တာတွေကို အင်တာနက်ပေါ်မှာ ရှာနိုင်ဖို့၊ Wikipedia  မှာ ရှာနိုင်ဖို့၊ ဆောင်းပါးတွေ ဖတ်နိုင်ဖို့လိုတယ်။ အွန်လိုင်း သင်တန်းတွေတက်ဖို့ ဒါမျိုးဖြစ်စေချင်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်တစ်ခုတည်း အသုံးများတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်တာရှိပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်က ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆိုရှယ်မီဒီယာကို လူမှုဘဝ မြှင့်တင်ရန်နှင့် လူသားတို့၏ စိတ်ခံစားချက်များ မျှဝေရန်အသုံးပြုကြသည်။ ဖေ့စ်ဘွတ်ကို မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်ရန် အသုံးပြုကြပြီး Linkedin ကို လုပ်ငန်းခွင်အတွက် ဆက်သွယ်ဆောင်ရွက်ရန် စသဖြင့် အသုံးပြုကြကြောင်း သိရသည်။

“ဒီမှာတော့ အားလုံးက ပုံမှန်အားဖြင့် ဖေ့စ်ဘွတ်တစ်ခုတည်းကို သုံးနေပါတယ်။ ဆိုရှယ်မီဒီယာမှာရှိတဲ့ အခြားလိုင်းတွေကိုလည်း မျှတအောင် သုံးသင့်တယ်။ ဖေ့စ်ဘွတ်မှာ တစ်ခုခုရေးတယ်၊ Like ၊ Share လုပ်တယ်၊ အဲဒါတွေကို ကြိုက်ကြတယ်။ ဒါက လူ့သဘာဝပဲလေ။ သုံးတတ်ရင် အကျိုးရှိတယ်။ မကောင်းတဲ့နည်းနဲ့အသုံးပြုမိရင်၊ မသုံးတတ်ရင် အခြားသူတွေအတွက်ပါ နစ်နာမှုရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က မကောင်းတဲ့နည်းနဲ့ မသုံးမိဖို့၊ ကိ်ုယ့်အတွက် အကျိုးရှိအောင် အသုံးပြုဖို့သတိရှိစေချင်တယ်” ဟု ဒေါက်တာထွန်းသူရသက်က သုံးသပ်သည်။

ဖေ့စ်ဘွတ်ကို ရည်ရွယ်ချက်ကောင်းဖြင့် အသုံးပြု နေသူများရှိသကဲ့သို့ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် သုံးစွဲနေသူများလည်း ရှိနေသည်။ နည်းပညာကိုခုတုံးလုပ်၍ အနိုင်ကျင့်ခြင်း (Cyber bullying)၊ ကိုယ်ပိုင်သတင်းအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများကိုအလွယ်တကူ ရယူနှောင့်ယှက်ပြီး ကူးယူဖော်ပြခြင်း (Hacking)၊ လိမ်လည်လှည့်ဖြားခြင်း (Fraud and Scams)၊ တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာ အလွယ်တကူ ပျက်စီးစေနိုင်သည့် မဟုတ်မမှန်သော အကြောင်းအရာများနှင့် သတင်းများကို ဖန်တီးဖြန့်ဝေခြင်း (Reputation)၊ မိမိ၏နာမည်၊ ဓာတ်ပုံဖြင့် အကောင့်အတုဖွင့်၍ ရာဇဝတ်မှုကျူးလွန်ခြင်း (Security Issue)) များသည် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုမှု များပြားလာသည့် ယနေ့ခေတ်၏ နောက်ဆက်တွဲ ဆိုးကျိုးများပင် ဖြစ်သည်။

“ဆိုရှယ်မီဒီယာကိစ္စဟာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေပါတယ်။ ကျွန်တော်မြင်တာတော့ အားလုံးကအသိပညာပဲ၊ နောက်တစ်ခုက ကျွန်တော်တို့က စိတ်ခံစားမှုကို စီမံခန့်ခွဲနိုင်မှုက အားနည်းတယ်” ဟု ဒေါက်တာထွန်းသူရသက်က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် နည်းပညာကိုအသုံးချ၍ ကျူးလွန်လာသည့် ရာဇဝတ်မှုများကို တိုင်ကြားလိုပါက နီးစပ်ရာ ရဲစခန်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ Hot Line Center- 199 တွင် တိုင်ကြား အကူအညီတောင်းခံနိုင်ကြောင်း၊ အရေးယူမှုများ ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများဖြင့် ထိန်းကျောင်းလျက်ရှိပြီး ဆိုက်ဘာဥပဒေကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။

“ ဖေ့စ်ဘွတ်ကနေ ကိုယ့်လုံခြုံရေးကို ထိပါးစေမယ့် အပြုအမူမျိုးတွေပဲဖြစ်ဖြစ်၊ ငွေကြေးလိမ်လည်မှုတွေပဲဖြစ်ဖြစ်၊ Cyberbullying ပဲဖြစ်ဖြစ် အမှန်တကယ် နစ်နာမှုတွေဖြစ်လာရင် တိုင်ကြားလို့ရပါတယ်။ ဥပဒေအနေနဲ့ အခုလက်ရှိမှာ ဆိုက်ဘာဥပဒေဆိုပြီး သီးသန့်မရှိသေးပါဘူး။ ဆိုက်ဘာဥပဒေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးစီးရေးဆွဲနေပြီး ဆိုက်ဘာမှုခင်းတွေနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကကူညီပြီး ရေးဆွဲပေးနေပါတယ်။ ဆိုက်ဘာဥပဒေမှာ ဆိုက်ဘာပြစ်မှု၊ ပြစ်ဒဏ်တွေကို သီးခြားစီ တိတိကျကျ ရေးဆွဲသွားနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုလက်ရှိမှာ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတွေနဲ့ အရေးယ ူဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲတပ်ဖွဲ့ နည်းပညာ မှုခင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ၏ ပုဒ်မခွဲ (ဃ)တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းပြုလုပ်ပါက ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။”

လူတစ်ယောက်ဟာ ဓာတ်ပုံတစ်ပုံ၊ လူနာမည်တစ်ခု သုံးထားပေမယ့်လည်း ခွဲခြားဖို့ ခက်ခဲပါတယ်။ အခုနောက်ပိုင်းမှာ ဖေ့စ်ဘွတ်က လူနာမည်အစစ် သုံးမှလက်ခံတာတို့ လုပ်လာတယ်။ အကုန်လုံးတော့ မထိန်းနိုင်သေးဘူး။ ပုံမှန်အားဖြင့် နာမည်အတု၊ အကောင့်အတုတွေလည်း လွယ်လွယ်ကူကူ လုပ်လို့ရနေတဲ့သဘောရှိနေတော့ အုံနဲ့ကျင်းနဲ့ကို ဖြစ်နေတယ်။ ဆိုလိုတာက တင်ထားတဲ့ပုံကလည်း တကယ်ဟုတ်ချင်မှဟုတ်မယ်၊ နာမည်ကလည်း တကယ်ဟုတ်ချင်မှ ဟုတ်မယ်၊ ကိုယ့်ကိုလာပြီးပြောနေတဲ့ စကားတွေကလည်း တကယ်အစစ် ဟုတ်ချင်မှဟုတ်မယ်။ ဆိုလိုတာက စဉ်းစားဆင်ခြင်သုံးသပ်ပြီးမှ ယုံကြည်သင့်ပါတယ်။ တွေ့သမျှ မြင်သမျှကို ယုံကြည်ဖို့ခက်ပါမယ်။

“ဖေ့စ်ဘွတ်မှာ တွေ့သမျှအရာအားလုံးကို ကျွန်တော်ကတော့ ချင့်ယုံ၊ ကြည့်ရှဲ၊ ချိန်ပြောဆိုပြီး စကားသုံးလုံး အမြဲပြောတယ်။ ချင့်ချိန်ပြီးမှသာ ယုံကြည်ဖို့လိုတယ်။ ကြည့်ရှဲ(Share) ဆိုတာ ကိုယ်လုပ်မယ့်အလုပ်ရဲ့ အကျိုးအမြတ်ကို ကြည့်ပြီးမှ ရှဲသင့်တယ်။ ကိုယ်က ရှဲလိုက်မယ်၊ တစ်ဖက်မှာ အကျိုးသက်ရောက်မှုတွေက အများကြီးဖြစ်သွားနိုင်တယ်။ မှတ်ချက်ရေးတာပဲဖြစ်ဖြစ်၊ Post တင်တာပဲဖြစ်ဖြစ် ချိန်ပြောသင့်ပါတယ်” ဟု ဘလော့ဂါ နေဘုန်းလတ်က မှတ်ချက်ပြုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာနှင့် ခေတ်မီနည်းပညာများကို နားလည် သဘောပေါက်မှုတွင် အားနည်းချက်များ၊ အကန့်အသတ်များ ရှိနေဆဲဖြစ်သည်။

“ဘယ်နိုင်ငံမှာမဆို အပြောင်းအလဲ တစ်ခုဖြစ်ရင်နည်းပညာက အရှိန်အဟုန်နဲ့ ဝင်လာပြီး သူကရှေ့ဆုံးကနေ ပြောင်းလဲသွားတာပဲ။ သေချာတယ်။ လူတိုင်းရဲ့လက်ထဲကို နည်းပညာက လွယ်လွယ်ကူကူ ရောက်သွားတာပဲ။ ခက်တာက လူတွေရဲ့ အသိပညာနဲ့ သိမှုကိုမြှင့်နိုင်ဖို့ လိုပါတယ်။ အသိပညာနဲ့ နည်းပညာ ပြိုင်တူဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ပြိုင်တူဖွံ့ဖြိုးတိုးတက်မှ ဆိုးကျိုးထက် ကောင်းကျိုးကို ပိုခံစားရမှာဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ နည်းပညာပိုင်း တိုးတက်လာပေမယ့် အသိပညာပိုင်းက လိုက်ပြီးဖြည့်နိုင်ဖို့ အားနည်းတယ်။ ပညာရေးဘက်က လူတွေရော၊ အခြား အရပ်ဘက် အဖွဲ့အစည်းတွေပါ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းပြီးကြိုးစားသင့်ပါတယ်”ဟု ဒေါက်တာထွန်းသူရသက်က အကြံပြုပြောကြားသည်။

ထို့ကြောင့် သတင်းတစ်ပုဒ်၊ ဓာတ်ပုံတစ်ပုံ ၊ အကြောင်း အရာတစ်ခုကိုမြင်တိုင်း မယုံကြည်ဘဲ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်သည့် အသိပညာရေချိန် မြင့်မားလာစေရန် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများသည် လူထုအကြား လိုအပ်လာသည်။

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်သုံးစွဲသူ မနိုင်နိုင်အေးက “ကျွန်မက လူမှုကွန်ရက်စာမျက်နှာတွေထဲမှာ ဖေ့စ်ဘွတ်တစ်ခုပဲ သုံးပါတယ်။ ရည်ရွယ်ချက်က သတင်းတွေ သိရဖို့၊ စာဖတ်ဖို့ပဲ သုံးတယ်။ သတင်းတွေတက်လာတိုင်း ယူတာမဟုတ်ဘူး။ သတင်းကို သူ့ရဲ့ဝက်ဘ်ဆိုက်တွေမှာ သွားဖတ်တယ်။ ကျွန်မကိုယ်တိုင်လည်း Friend Request တွေကို kMutual ရှိမှာသာ လက်ခံတယ်။ Post တင်တဲ့အခါမှာလည်း Public Settingမထားဘူး။ င်္မငနညိ မှာထားတယ်။ အဲဒီလိုလုပ်ထားတဲ့အတွက် အခုအချိန်ထိတော့ Cyber bullying လုပ်တာတွေ မကြုံဖူးသေးပါဘူး” ဟုပြောသည်။

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ် တွင်ကျယ်လာမှုနှင့်အတူ ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေး နှင့် အွန်လိုင်းကို လွဲမှားစွာအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှလည်း အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဖေ့စ်ဘွတ်သည် လူအများကို မိမိတို့၏ အကြောင်းအရာများအား ထုတ်ဖော်နိုင်ရန်၊ တခြားသူများ၏ အမြင်များဖြင့် ကြည့်မြင်နိုင်ရန်နှင့် မည်သည့်နေရာတွင်မဆို ချိတ်ဆက်မျှဝေနိုင်ရန် စသည့်စွမ်းအားများကို ဖေ့စ်ဘွတ်အသုံးပြုသူများအား ပေးအပ်လျက်ရှိကြောင်း၊ ဖေ့စ်ဘွတ်ပေါ်တွင် ပြောဆိုကြသော စကားများ၊ မျှဝေကြသော အထင်အမြင်များသည် ဖေ့စ်ဘွတ်သုံးစွဲသူများ၏ စုံလင်လှသော ထင်ဟပ်မှုများပင် ဖြစ်ပါကြောင်း။

ကမ္ဘာ့လူထုတစ်ခုလုံး၏ လိုအပ်ချက်များနှင့် စိတ်ဝင်စားမှုများကို ချိ်န်ညှိရန်အတွက် ဖေ့စ်ဘွတ်မှ အကြမ်းမဖက်ရ၊ မခြိမ်းခြောက်ရ။ မိမိကိုယ်မိမိ ထိခိုက်စေမှုကိုရှောင်ပါ။ အနိုင်မကျင့်ရ၊ မနှောင့်ယှက်ရ။ အမုန်းစကားမပြောရ။ ဓာတ်ပုံနှင့် ဗီဒီယိုတွင် ပါဝင်သည်များကို ကြိုတင်အသိပေးပါ။ အဖော်အချွတ်များကို ကန့်သတ်ထားသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လေးစားပါ။ မူပိုင်ခွင့်အသိရှိပါ။ ထိန်းချုပ်ကုန်စည်များကို ခွင့်ပြုချက်မရှိဘဲ မရောင်းရစသဖြင့် ဖေ့စ်ဘွတ်၏ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများအဖြစ် ထုတ်ပြန်ထားသည်။

ထို့ကြောင့်တင်လိုက်သည့် Post  တစ်ခု၊ Comment တစ်ခု၊ Share  တစ်ချက်ကို သတိလက်လွတ် မပြုမူဘဲ အားနည်းချက်၊ အားသာချက်များကို လေ့လာဆန်းစစ်ပြီး ကောင်းကျိုး ဦးတည်အသုံးပြု ခြင်းဖြင့် သာယာလှပသည့် လောကတစ်ခုဖြစ်အောင် အလှဆင်နိုင်ကြပါစေကြောင်း။ ။

ကြေးမုံ