ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နှံ ကျောင်းထွက်နှုန်းလျော့ကျရေး ဝိုင်းဝန်းဆောင်ရွက်

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံလျက် ရှိကြပြီဖြစ်သည်။ နိုင်ငံတော်၏ မျှော်မှန်းချက်မှာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေးနှင့် အနည်ဆုံး ကျောင်းသူ ကျောင်းသားတိုင်း အခြေခံပညာအလယ်တန်း  (KG+9) ပြီးမြောက်ရေးဖြစ်ရာ  ကျောင်းအပ်နှံရခြင်းအတွက်  မိဘတို့ အခက်မတွေ့စေရန်၊ တစ်ပြားတစ်ကျပ်မျှ မကုန်ကျ စေရန် စီမံဆောင်ရွက်ပေးထားသည်။

ကျောင်းသူ ကျောင်းသားတို့၏ ပညာရည်မြင့်မားတိုးတက်မှုသည် ၎င်းတို့တစ်ဦးချင်းစီ၏ ဘဝရှေ့ရေးအတွက် ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံသူနိုင်ငံသားအားလုံး စာတတ်မြောက်ရန်၊ အတန်းပညာများ တတ်မြောက်ရန်လိုသည်။ ပညာရေးအတွက် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့က မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့်တိုင်   နိုင်ငံ့လူဦးရေ၏  အများစုကြီးဖြစ်သော ကျေးလက်နေ ပြည်သူတို့မှာ ပညာရေးအားနည်းလျက်ရှိနေဆဲဖြစ်သည်။ ကျေးလက်ဒေသတွင် လူဦးရေ အများစုနေထိုင် ကြခြင်းဖြစ်သည့်အလျောက်   ကျောင်းအများစုမှာလည်း ကျေးလက်ဒေသများ၌ ရှိနေကြစေကာမူ ကျောင်းနေရာခိုင်နှုန်းနည်းပါးကြပြီး ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားမှုမှာလည်း နည်းပါးနေသည်။

မြန်မာနိုင်ငံ   တစ်နိုင်ငံလုံးတွင်   ကျေးလက်ဒေသများ၌ အခြေခံပညာအလယ်တန်းကျောင်း ၁၃၈၇၉ ကျောင်း၊ မူလ တန်းကျောင်း ၂၁၅၅၀ ကျောင်းရှိပြီး မြို့ပြဒေသတွင် အခြေခံ ပညာအလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်း ကျောင်း ၃၃၁၈ ကျောင်းရှိသည်။ အလယ်တန်းကျောင်းများ   တည်ရှိမှု၏ ကျေးလက်နှင့်မြို့ပြအချိုးမှာ ၈ အချိုး ၁ ရှိပြီး၊ မူလတန်းကျောင်းများတည်ရှိမှု ကျေးလက်နှင့် မြို့ပြအချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်။ မြန်မာနိုင်ငံ လူဦးရေတွင်  ပျမ်းမျှမြို့ပေါ်နေသူ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်နေသူမှာ ၇၂ ရာခိုင်နှုန်းရှိသည်။ ကျောင်းများရှိနေပါလျက်နှင့်  မြို့ပေါ်နေသူများက စာတတ်မြောက်မှုနှင့်  အတန်းပညာတတ်မြောက်မှုနှုန်း မြင့်မားပြီး ကျေးလက်ဒေသနေသူများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု နိမ့်ကျနေခြင်းမှာ ဆင်းရဲနွမ်းပါးခြင်းအပြင် ပညာသင်ယူမှုအပေါ်တွင် အလေးအနက်မထားရှိခြင်းကလည်း အဓိကပါဝင်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြကြောင်း၊ အသက် ၁၂ နှစ်မှစ၍ ကျောင်းတက်နှုန်း ကျဆင်းလာကာ အသက် ၁၄ နှစ် နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာကျဆင်းလာခြင်းဖြစ်ကြောင်း ဖော်ပြထားရာ ယင်းအခြေအနေကို ပြောင်းလဲဟန့်တားနိုင်မှသာ အမျိုးသားပညာရည်မြင့်မားရေး မျှော်မှန်းချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူများ ပညာရည်မြင့်မားနေရန်မှာ အခြေခံလိုအပ်ချက်ဖြစ်သည်။ သို့ဖြစ်ရာ မြို့ပေါ်နေသူများသာမက ကျေးလက်ဒေသများနှင့် ဝေးလံစွန်ဖျား နေရာများရှိ ပြည်သူများပါ ပညာတတ်မြောက်မှုမြင့်မားရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းနေအရွယ်ကလေးများအားလုံး စာသင်ကျောင်း

သို့ ရောက်ရှိအပ်နှံလာရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှု မဆုံးရှုံးစေရေး၊ အချိန်မတိုင်မီ‌ ကျောင်းထွက်ကာ ပညာရေးအဟောသိကံမဖြစ်စေရေးတို့အတွက် မိဘ အုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူ ဆောင်ရွက်ကြရပါမည့်အကြောင်း။

မြန်မာ့အလင်း