ကေကေ
နွေရာသီကျောင်းပိတ်ရက်များ ကုန်ဆုံးပြီး မကြာမီကျောင်းများ ဖွင့်တော့မည်။ နှစ်စဉ်ဇွန်လတွင် ကျောင်းများ ဖွင့်လှစ်လေ့ရှိသည်။ ကျောင်းဖွင့်ရက်မတိုင်မီ ကျောင်းအပ်နှံရေး သီတင်းပတ်သတ်မှတ်ကာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး အသိပေးလှုံ့ဆော်ကြတော့မည်။
မိဘများက သားသမီးများ၏ အတန်းသစ် ပညာရေးအတွက် လိုအပ်သည့် လွယ်အိတ်၊ စာအုပ်၊ စာရေးကိရိယာအပါအဝင် ကျောင်းဝတ်စုံ၊ ရေဘူး၊ မုန့်ဘူး၊ ထမင်းချိုင့် စသဖြင့် လိုအပ်သည်များကို ကြိုတင်စီစဉ်ကြသည်။ ဆရာ ဆရာမများကလည်း အခြေခံပညာကျောင်းအလိုက် ကျောင်းအပ်လက်ခံနိုင်ရေး၊ စာသင်ခန်းများ၊ သင်ကြားသင်ယူမှု အထောက်အကူပြုအခန်းများ အဆင်သင့်ဖြစ်စေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့ကို ကြိုတင်ပြင်ဆင်ကြသည်။ ကျောင်းအပ်နှံသည့် ရက်များအတွင်း စာသင်ကျောင်းများနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်လျက်ရှိသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၏ လုံခြုံရေးကို သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြသည်။
ရင်သွေးရတနာ သားသမီးများကို အမိအဖတို့လည်း ပညာတတ်ဖြစ်စေလိုသည်။ ဆရာ ဆရာမများကလည်း တပည့်ကျောင်းသား ကျောင်းသူများကို ပညာတတ်ဖြစ်စေလိုသည်။ နိုင်ငံတော်ကလည်း နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ပညာရည်ဖွံ့ဖြိုးမှုတိုးတက်မှုအပေါ်များစွာ မှီတည်နေသည့်အတွက် ပညာတတ်များစွာ ပြုစုပျိုးထောင်ပေးလိုသည်။ ထို့ကြောင့် နှစ်စဉ် ကျောင်းဖွင့်ရာသီရောက်တိုင်း ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူတိုင်း စာသင်ခန်းများဆီ ရောက်ရှိရေး၊ သင်ယူမှုအခွင့်အလမ်း အဆင်ပြေချောမွေ့စေရေး အားလုံးဝိုင်းဝန်းကြိုးပမ်းကြသည်။
အခြေခံပညာသည် သင်ကြားသင်ယူမှု အခွင့်အလမ်းအားလုံး၏ အဦးအစဖြစ်သည်။ တစ်မျိုးသားလုံး ပညာရည် မြင့်မားအောင် ဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် ပဓာနကျသည်။ အခြေခံပညာသင်ကြားခြင်းက ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝတစ်သက်တာအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဖြစ်သည်။ ငယ်စဉ်အခါ ပညာရှာကြရမည်။
“မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာ ရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည် သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည့်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်ဆွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကျ၊ ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတကျ၏တည်း” ဟူသည့် ဆားတုံဆရာတော်၏ ကဗျာက ပညာ၏ အခန်းကဏ္ဍကို ထောက်ညွှန်ပြသည်။
မှန်ကန်စွာ စဉ်းစားတွေးခေါ် လုပ်ကိုင်နိုင်ခြင်းမရှိခဲ့သည့်အတွက် ကုဋေကြွယ် သူဌေးသားသည် ဘဝနိဂုံး အဆုံးမလှခဲ့ပါ။ ကုဋေကြွယ် သူဌေးသားကို ပုံပမာပြု လေ့လာသည့်အခါ ပညာသင်ယူရမည့်အချိန်တွင် ပညာမသင်ယူခဲ့ခြင်းက သူ့အတွက် ကြီးစွာသော အမှားဖြစ်ခဲ့သည်။ နှောင်းလူတို့ မမှားရအောင် ထောက်ပြဆုံးမရသည့် ဘဝတစ်ခု၊ သင်ခန်းစာ တစ်ခုဖြစ်ခဲ့သည်။ ယနေ့လူမှုပတ်ဝန်းကျင်၌ ပညာသင်ယူရမည့်အချိန်တွင် ပညာကို ကောင်းစွာမသင်ယူသည့် ကျောင်းသား ကျောင်းသူ လူငယ်များကို အချိန်မလွန်ခင် ကုဋေကြွယ်သူဌေးသားကို သင်ခန်းစာယူစေလိုပါသည်။
“အများယောင်၍ လိုက်ယောင်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ” မဖြစ်ရန် အရေးကြီးသည်။ လူမှုဘဝအတွက် မည်သည့်အရာက မှန်သည်၊ မှားသည်၊ မည်သည့်အရာကို လုပ်သင့်သည်၊ မလုပ်သင့်သည်ကို မိမိကိုယ်တိုင် စဉ်းစားဝေဖန်နိုင်စွမ်းရှိရန် လိုအပ်သည်။ မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ် နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းရှိပါမှ ဘဝအတွက် တိုးတက်ရာ တိုးတက်လမ်းရှာဖွေနိုင်သည့် အခွင့်အလမ်းများကို မိမိရရ ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။
အတန်းပညာက မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး ထိုအသိကို အခြေခံထားသည့် အတတ်ပညာက လက်တွေ့အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ဖန်တီးပေးသည်။ အားနည်းသော အတန်းပညာဖြင့် မြင့်မားသည့် အတတ်ပညာကို လွယ်ကူစွာ မရရှိနိုင်ပါ။
ထို့ကြောင့် အတန်းပညာသင်ယူရမည့် ကျောင်းနေအရွယ်အားလုံးကို အတန်းပညာစနစ်တကျ လေ့လာဆည်းပူးနိုင်ရေးကို နိုင်ငံတော်အစိုးရက အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ပေးထားသည်။ KG+9 အထိ မသင်မနေရ ပညာရေးစနစ်အဖြစ် ပြောင်းလဲခဲ့သည်။ ကျောင်းဖွင့်ရာသီရောက်တိုင်း ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ဘောပင်များကို အခမဲ့ဖြန့်ဝေပေးသည်။ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများကိုပါ အခမဲ့ဖြန့်ဝေပေးသည်။
ထို့ပြင် အလယ်တန်းပညာပြီးမြောက်ပြီးသူများကို စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူအထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။
ထို့အတူ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ခြင်း၊ ဆရာ ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ခြင်း၊ သင်ယူမှုအခွင့်အလမ်းများ တိုးမြှင့်ခြင်းတို့အတွက် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးတက် ခွင့်ပြုပေးလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနရှိ သင်ကြားရေးဝန်ထမ်းများ၊ ကျောင်းအုပ်များ၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများ အတွက် သင်ကြားမှုဆိုင်ရာ၊ အုပ်ချုပ်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်၍ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်သမ္မတက “လူနည်းစု၏ အဆင့်မြင့်ပညာရေး” မှသည် “လူအများစု၏ အရည်အသွေးမြင့် ပညာရေး” ဆီသို့ ကူးပြောင်းနိုင်ရန် လမ်းညွှန်ထားသည်။ ထို့ပြင် နိုင်ငံတော်သမ္မတက လက်ရှိဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်ကြောင်း ဧပြီ ၂၀ ရက် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတက ၎င်း၏ အစိုးရအဖွဲ့အား ငါးနှစ်တာကာလအတွင်း နိုင်ငံတော်ဘဏ္ဍာငွေ၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားရန် လမ်းညွှန်မှုက မြန်မာ့ပညာရေးကဏ္ဍအတွက် အားတစ်ခုဖြစ်ခဲ့သည်။ ထို့အတူ ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး ဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အတူ ပညာရေးဝန်ကြီးဌာနက နိုင်ငံသားတိုင်း အခြေခံပညာသင်ယူပြီးမြောက်စေရေးအတွက် လူတိုင်းပညာသင်ကြားခွင့်ရရှိရေးနှင့် လူတိုင်း အကျုံးဝင်ပညာရေးတို့ကို ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
အခြေခံပညာကျောင်းများတွင် အတွေးအခေါ်ပိုင်း၊ အတတ်ပညာပိုင်း ဦးစားပေးသည့် စနစ်သစ် အခြေခံပညာရေးသင်ခန်းစာများကို ဆွေးနွေးသင်ကြားပေးလျက်ရှိသည်။ ပူးပေါင်းဆောင်ရွက်ခြင်း/ အုပ်စုဖြင့်လုပ်ငန်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်း၊ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း၊ တီထွင်ဖန်တီးခြင်း၊ နိုင်ငံသားကောင်း စိတ်ဓာတ်ရှိခြင်းစသည့် ကျွမ်းကျင်မှုများ ရရှိအောင် သင်ကြားပေးလျက်ရှိသည်။
ထို့အတူ ဗလငါးတန်နှင့် ပြည့်စုံသော၊ နိုင်ငံတော်ကအားကိုးအားထားပြုရသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးသည့် အစီအစဉ်များစွာကို ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဖြစ်သည်။ စည်းကမ်းလိုက်နာခြင်းသည် မွေးရာပါ ဗီဇမဟုတ်ပါ။ လေ့ကျင့်သင်ယူရသည်။ စည်းကမ်းရှိသူ၊ တာဝန်သိသူ နိုင်ငံသား ပြည်သူတစ်ဦး ဖြစ်လာစေရန် စာသင်ကျောင်းများတွင် ကျောင်းစည်းကမ်းများကို လေးစားလိုက်နာရင်း အတန်းပညာ လေ့လာသင်ယူရေးသည်လည်း အရေးကြီးသည်။ မိမိစာသင်ခန်းအတွင်း၊ မိမိကျောင်းဝင်းအတွင်း အမှိုက်ပစ်ခြင်း၊ စာသင်ခုံများ အပေါ်တွင် ရေးခြစ်ခြင်းကဲ့သို့ ကျောင်းစည်းကမ်းများကို လေးစားလိုက်နာခြင်းမှ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ်သော အလေ့အကျင့်ကောင်းများ ရှိသည့် နိုင်ငံသားများ ဖြစ်လာစေမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့် တည်ဆောက်ကြရသည်။ ဆင်ခြင်ဉာဏ်နှင့် ဉာဏ်ရည်ဉာဏ်သွေး ပြည့်စုံသော ပညာတတ်များဖြင့် တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကို တိုးတက်အောင် ထူထောင်နိုင်မည်ဖြစ်သည်။ သို့အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ မူလတန်းအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းသား ကျောင်းသူအားလုံး အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်ရေး၊ ကျောင်းဝင်နှုန်းတိုးမြှင့်ပြီး တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးနှင့် ကျောင်းထွက်မှုနှုန်း လျော့နည်းကျဆင်းရေးတို့ကို ဆရာ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


