ကျောင်းပြင်ပ အလယ်တန်းပညာရေး ဆရာ၊ ဆရာမများ ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်ပွဲကျင်းပ ကျောင်းပြင်ပ ပညာရေးအတွက် အလှူငွေများလှူဒါန်း

နေပြည်တော် ၁  စက်တင်ဘာ 


၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ပထမနှစ်ဝက်) ကျောင်းပြင်ပ အလယ်တန်း ပညာရေး ဆရာ၊ ဆရာမများ ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်ညိုက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဒေါ်ခင်တိုးယဉ်က အလှူရှင်များကိုယ်စား လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


ယင်းနောက် ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေးအတွက် နှစ်စဉ်ပုံမှန် အလှူရှင် ဦးစိန်ဝမ်း၊ ဒေါ်မဉ္စူထွန်း မိသားစုက ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် ငွေကျပ် သိန်း (၁၀ဝ) လှူဒါန်းသည်။


အဆိုပါ နည်းပြသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၂)ဦး တက်ရောက်၍ သင်တန်းကို စက်တင်ဘာ ၉ ရက်အထိ ဖွင့်လှစ်သွား မည်ဖြစ်ပြီး အသက်မွေးကြောင်း ပညာရပ်အဖြစ် သတင်းအချက်အလက် နည်းပညာ (ICT) ဘာသာရပ်ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ အကူအညီဖြင့် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park ကနောင်ခန်းမတွင် သင်ကြားပေးမည် ဖြစ်သည်။


ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ဒလ၊ မြစ်ကြီးနား၊ လွိုင်ကော်၊ စစ်တွေ၊ လှိုင်သာယာ၊ ကျိုက်ထို၊ မြဝတီ(မဲဆောက်)နှင့် ဟင်္သာတမြို့နယ် (၈)မြို့နယ်တွင် အခြေစိုက်စခန်း (၁၄)ခု ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၂၀ဝ တက်ရောက်ခဲ့ရာ ၁၉၆ ဦး အောင်မြင်၍ ၎င်းတို့အနက် ၁၀၈ ဦး သည် အခြေခံပညာ အထက်တန်း အဆင့်သို့ ဆက်လက်တက်ရောက်ကာ ၁၃ ဦး မှာ အသက်မွေးသင်တန်းကျောင်းများသို့ တက်ရောက်ကြသည်။


၂၀၁၉-၂၀၂၀ မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ ဒုတိယအကြိမ် ကျောင်း ပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကို စက်တင်ဘာ ၁၃ ရက်မှ စတင်၍ ဒလ၊ ဝိုင်းမော်၊ လွိုင်ကော်၊ စစ်တွေ၊ လှိုင်သာယာ၊ ဘီးလင်း၊ မြဝတီ (မဲဆောက်)နှင့် ဟင်္သာတမြို့နယ်များရှိ အခြေစိုက်စခန်း (၁၃)ခုတွင် ဖွင့်လှစ်သင်ကြား မည်ဖြစ်သည်။ 


ယခု ဒုတိယအကြိမ် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်တွင် နောက်ခံပညာ အရည်အချင်းအရ စတုတ္ထတန်းနှင့် ကျောင်းပြင် မူလတန်း ပညာရေး အစီအစဉ်တွင် အောင်မြင်ခဲ့ပါက Level-1 ၌ စတင်လက်ခံ သင်ကြား ပြီး၊ (၃)နှစ် ပြီးဆုံးလျှင် ပဉ္စမတန်း အောင်မြင်ပြီး ကျောင်းထွက်သူများအား Level-2 ၌ စတင်လက်ခံ သင်ကြားကာ တစ်နှစ် ပြီးဆုံးအောင်မြင်ပါက အခြေခံ ပညာအလယ်တန်းအဆင့် ပြီးမြောက်မည် ဖြစ်ကြောင်း သိရှိရသည်။     


(သတင်းစဉ်)