ကျောင်းပြင်ပ မူလတန်း ပညာရေးဇုန်နယ် အဆင့် နည်းပြသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်  ၂၀   အောက်တိုဘာ

 

ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယနှစ်ဝက် ကျောင်းပြင်ပ မူလတန်းပညာရေး ရန်ကုန်ဇုန် နည်းပြသင်တန်းဆင်းပွဲကို ယနေ့ ညနေက (၃)နာရီက ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ရှေးဦးစွာ သင်တန်းတာဝန်ခံ ဆရာကြီး ဦးအောင်စိုးက သင်တန်းနှင့် ပတ်သက်၍ သုံးသပ်အကဲဖြတ်မှုများနှင့် အကြိုစစ်ဆေးမှု၊ သင်တန်းဆုံး စစ်ဆေးမှု အခြေအနေများကို ရှင်းပြပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဦးတင်ညိုနှင့် တာဝန်ရှိသူများက သင်တန်းတွင် စွမ်းဆောင်ရည်ဆု ရရှိသော သင်တန်းသားများကို ဆုချီးမြှင့်ကာ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို ပေးအပ်သည်။

 

ထို့နောက် သင်တန်းသား ဦးဝင်းမိုးကျော်က ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဥက္ကဋ္ဌ ဒေါက်တာဦးသန်းဦးက သင်တန်းဆင်း အမှာစကား ပြောကြားကာ သင်တန်းသားများက ကလေးများအတွက် “ဒီနေ့’’သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းသည်။

 

ကျောင်းပြင်ပ မူလတန်း ပညာရေးအစီအစဉ်ကို ၂၀ဝ၈-၂၀ဝ၉ ပညာသင်နှစ်တွင် မြို့နယ် (၅)မြို့နယ်၌ စတင်ဆောင်ရွက်ခဲ့ရာ ယခု ပညာသင်နှစ်တွင် (၁၂)နှစ်အတွင်း ရောက်ရှိပြီး မြို့နယ် (၈၉)မြို့နယ်၌ ဆောင်ရွက်လျက်ရှိပြီး ယခင်ဆောင်ရွက်ခဲ့သော မြို့နယ် (၄၉)မြို့နယ် အပါအဝင် ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီး စုစုပေါင်း (၁၃၈)မြို့နယ် ရှိသွားပြီဖြစ်သည်။

 

2

 

ယခုနှစ် ဇုန်အဆင့် သင်တန်းများကို ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်ဇုန်များတွင် တပြိုင်နက်တည်း ကျင်းပရာ သင်တန်းသား စုစုပေါင်း (၂၄၉)ဦး တက်ရောက်ခဲ့ပြီး ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုအဆင့် နည်းပြသင်တန်းနှင့် ဇုန်အဆင့် နည်းပြသင်တန်းများကို နှစ်စဉ် ပထမနှစ်ဝက်တွင် တစ်ကြိမ်၊ ဒုတိယနှစ်ဝက်တွင် တစ်ကြိမ် ကျင်းပခဲ့ရာ သင်တန်း မတက်ရသေးသော ဆရာ၊ ဆရာမ အသစ်များ တက်ရောက်ကြရပြီး ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် သင်တန်း (၂)မျိုးလုံး တက်ရောက်မှသာ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိကာ ကျောင်းပြင်ပ မူလတန်း ပညာရေး ပညာသင်နှစ်မှာ မတ်လ နောက်ဆုံးသီတင်းပတ်တွင် အသားတင် ပညာသင်ရက် (၂၀၄)ရက် ပြည့်မည် ဖြစ်ပြီး နှစ်ဆုံးတက်ရောက်မှုကို စံထားစစ်ဆေးလွှာ (Standardized Test)ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

MDN