ကျောင်းသားကျောင်းသူများ စာစီစာကုံးရေးသားမှု ကျွမ်းကျင်စေရန် ရည်ရွယ်၍ (အထက်တန်း၊ အလယ်တန်း)အဆင့် စာစီစာကုံးပြိုင်ပွဲ စီစဉ်ကျင်းပ

ပွင့်ဖြူ    ၂၀   စက်တင်ဘာ    


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ မြန်မာစာစွမ်းရည်နှင့် စာစီစာကုံးရေးသားမှုစွမ်းရည်များ ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပပြုလုပ်သည့် (အထက်တန်း၊ အလယ်တန်း)အဆင့် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်း နာယက ဆရာကြီး ဦးစိန်လွင် (ပညာရေးမှူးငြိမ်း) က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း ပြောကြားပြီး၊ အသင်းဥက္ကဋ္ဌ ဦးစောလွင်က ပြိုင်ပွဲတွင် ဆုများပေးအပ်ချီးမြှင့်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် (Book Club)အသင်း နာယက ဆရာကြီး ဦးစိန်လွင် (ပညာရေးမှူးငြိမ်း)နှင့် တာဝန်ရှိသူများက အထက်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများကို “မျိုးဆက်သစ်တာဝန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများကို “အနာဂတ်ဘဝ တိုးတက်ဖို့ စာအုပ်စာပေ ဖတ်ကြစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပြုလုပ်ပေးရာ ပြိုင်ပွဲကျောင်းသားကျောင်းသူများက အားပါးတရ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြ သည်။ အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ပြိုင်ပွဲဝင် ၄၁ ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ၄၁ ဦး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြပြီး၊ ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း အသင်းနာယက ဆရာကြီး ဦးစိန်လွင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)