ကျောင်းသွားကြရမယ်

မမမေ

မင်္ဂလာပါကလေးတို့ရေ။ လာမယ့် ဇွန်လက ကလေးတို့စာသင်ကျောင်းတွေ ဖွင့်မယ့်ကာလပေါ့။ အခုအချိန်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတက်ဖို့ နည်းနည်းလည်း နောက်ကျနိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတို့ကတော့ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လေ။ ဒါကြောင့် ကျောင်းတက်ရတဲ့အခါ ကလေးလေးတို့ သတိပြုသင့်တဲ့ အရာလေးတွေကို မမက လောကဝတ်သင်ခန်းစာလေးအနေနဲ့ မျှဝေလိုပါတယ်။
ဘာသာတိုင်းကို ချစ်ပါ
ကလေးတို့သင်ရမယ့် ဘာသာ တွေကိုရော သိပြီးကြပြီလား။ မြန်မာ စာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ ဘဝတွက်တာ၊ အထွေထွေသိပ္ပံ၊ ဂီတ၊ စာရိတ္တ၊ နီတိ တော်တော်လေးကို များတာနော်။ ကလေးတို့က ဘာသာရပ် တွေမှာ ဘာကို အကြိုက်ဆုံးလဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူကြမယ်မထင်ပါဘူးနော်။ မမ ကတော့ မြန်မာစာကို အကြိုက်ဆုံးပါ။ ဒါကြောင့်လည်း စာတွေရေးနေရတာ ထင်ပါရဲ့။ ဥပမာပြောရရင် သင်္ချာ ဝါသနာပါတဲ့ ကလေးတွေဟာ ကြီးလာ တဲ့အခါ သင်္ချာပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ ဖြစ်လာတတ်သလို သိပ္ပံပညာတွေ စိတ်ဝင်စားရင်တော့ သိပ္ပံပညာရှင်ကြီးတွေ ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် ကလေးဘ၀ ကတည်းက ကိုယ်ဝါသနာပါတာကို စဉ်းစားကြည့်ဖို့လိုတာပေါ့။ တစ်ဖက် မှာလည်း တစ်ခုတည်းထူးချွန်လို့တော့မရပါဘူးနော်။ ဘာသာရပ်တိုင်း ထူးချွန် မှသာ ကလေးတို့အနာဂတ်က သာယာ လှပမှာပါ။ ဒါကြောင့် ဘာသာရပ် အားလုံးကို ချစ်ပါ၊ လေ့လာပါ၊ ထူးချွန် အောင်လုပ်ပါလို့ မမက အကြံပြု တယ်နော်။
ဆရာကိုလေးစား၊ သူငယ်ချင်းအပေါ်နားလည်
စာနာနားလည်မှု၊ လေးစားချစ်ခင် မှုဆိုတာတွေက ကလေးတို့အရွယ် တွေမှာလည်း အထူးကိုလိုအပ်ပါတယ်။ ဆရာတွေအပေါ် လေးလေးစားစားနဲ့ ဆက်ဆံရမှာဖြစ်သလို ဆိုဆုံးမတဲ့အခါ လိုက်နာမှသာ ကလေးတို့ ထူးချွန် ထက်မြက်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းတွေရဲ့ အားနည်းချက်တွေကို နားလည် ခွင့်လွှတ်ပေးရင်း ကလေးတို့ရဲ့ လောကဝတ်လေးတွေကို လိုက်နာ ခြင်းနဲ့ အပြန်အလှန်ချစ်ခင်မှုကို ရရှိကြပါစေ။
အကြွေးမထားပါနဲ့
အကြွေးဆိုတာ ကြားဖူးတယ် မလား။ သူများပစ္စည်း၊ သူများဥစ္စာ၊ ငွေကြေးတွေကို ခဏယူသုံးရတာကို ခေါ်တာပေါ့။ စာမှာလည်း အကြွေး ရှိတယ်ဆိုတာသိကြသလား။ ကျောင်း ကနေ သင်ပေးလိုက်တဲ့စာတွေကို နားမလည်ဘူးဆိုရင် နားလည်အောင် ဖတ်တာ၊ ကျက်မှတ်တာ၊ အိမ်စာ တွေကို ပြီးအောင်လုပ်တာတွေက အကြွေးမထားတဲ့သူတွေပေါ့။ စာကြွေး တွေမထားဘဲ ကလေးတို့ အချိန်မှန် စာဖတ်၊ လေ့လာ၊ ကျက်မှတ်ကြဖို့ လိုတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေ။ နောက်တစ်ပတ်မှာ ဆုံကြမယ်နော်။

မြန်မာ့အလင်း ( ရင်သွေးငယ်ကမ္ဘာ)