ကော့သောင်းမြို့၊ အမှတ်(၁၃)တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) သို့ ကျောက်ကပ်သွေးသန့်စင်စက်နှင့် ရေသန့်စက် လှူဒါန်း

ကော့သောင်း ၂၀ ဇွန် 


ကော့သောင်းမြို့၊ အမှတ်(၁၃) တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) ကျောက်ကပ်ရောဂါကုသမှုဌာနသို့ ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ခံ စေတနာရှင်မိသားစုဖြစ်သည့် အမိမြေ ဦးတင်မြင့်၊ ဒေါ်စမ်းစမ်းအေး မိသားစုမှ ကျောက်ကပ်သွေးသန့်စင်စက်တစ်လုံးနှင့် ရေသန့်စက်တစ်လုံး လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

1

 


နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့ ပြည်သူများ ကျန်းမာရေးကိစ္စများတွင် ကုတင် (၁၀ဝ) ခရိုင်ပြည်သူ့ဆေးရုံနှင့် အမှတ်(၁၃)တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) တို့အား အဓိက အားထားနေကြရပြီး  မြို့နေပြည်သူများ ကျောက်ကပ်ရောဂါဝေဒနာများခံစားရပါက အမှတ်(၁၃)တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) ဆေးရုံတွင် ကျောက်ကပ်သွေး သန့်စင်စက်တစ်လုံးဖြင့် ကျောက်ကပ်ဝေဒနာရှင်များအားဆေးဝါးကုသမှု ပေးလျှက်ရှိရာတွင် လူနာအချိုးစားနှင့် အသုံးပြုနေရသည့် စက်ကိရိယာ မလုံလောက်မှုကြောင့် လူနာများ အခက်အခဲ ဖြစ်ပေါ်ခံစားနေကြရသဖြင့်  မြို့ခံစေတနာရှင်မိသားစုဖြစ်သည့် အမိမြေ ဦးတင်မြင့်၊ ဒေါ်စမ်းစမ်းအေး မိသားစုမှ အမှတ်(၁၃)တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) ဆေးရုံသို့ ယနေ့ စုစုပေါင်းတန်ဖိုး ကျပ်ငွေသိန်း ၅၀ဝ ကျော်ခန့် အကုန်အကျခံကာ ကျောက်ကပ်သွေးသန့်စင်စက် တစ်လုံးနှင့် ရေသန့်စက် တစ်လုံးလာရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။


လူနာတစ်ဦး ကျောက်ကပ်ဆေးကြောခြင်း(ကျောက်ကပ်သွေးသန့်စင်ခြင်း)တစ်ကြိမ် ကုသမှုခံယူရာတွင် အချိန် (၅)နာရီ ခန့်ကြာမြင့်ကြောင်း ၊ အမှတ်(၁၃) တပ်မတော်ဆေးရုံ(ကုတင်-၁၀ဝ) ဆေးရုံတွင် လက်ရှိ ကျောက်ကပ်သွေးသန့်စင်စက် တစ်လုံးသာရှိရာ  တစ်နေ့လျှင် လူနာနှစ်ဦးသာလျှင် ကုသမှုပေးနိုင်သဖြင့် ဝေဒနာသည် ဦးရေနှင့် ကုသမှုခံယူရန် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်မှုကြောင့် ကျောက်ကပ်ဝေဒနာသည်များ အခက်အခဲများ ဖြစ်ပေါ်နေကြရသဖြင့် ယခုကဲ့သို့ မြို့ခံစေတနာရှင်မိသားစုက အများပြည်သူအကျိုး အလို့ငှာ ကျောက်ကပ်သွေးသန့်စင်စက် တစ်လုံးအား ထပ်မံလာရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ကုသမှုခံယူရာတွင် ငွေကြေးတတ်နိုင်သူများမှ ဆေးဝါးပစ္စည်း ကုန်ကျစရိတ်တချို့ မျှဝေကျခံ ကုသမှု ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူ ပြည်သူများအား အခမဲ့ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ကျော်စိုး(ကော့သောင်း)