ကော့သောင်းမြို့၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ကန့်တော့ပွဲ ကျင်းပ

ကော့သောင်း ၁၇ ဧပြီ 

 


ကော့သောင်းမြို့၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ကော့သောင်းမြို့၊ မြို့မဆိပ်ကမ်းတံတား၌ ယနေ့နံနက် (၇)နာရီက ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်ဇော်၊ ကော့သောင်းခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်နှင့် မိသားစုများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

fff

 


အစီအစဉ်အရ တက်ရောက်လာကြသော ဧည့်သည်တော်များက ပင်လယ်ရေငံငါးများဖြစ်ကြသည့် ကျောက်ငါး၊ ကကတစ်ငါး၊ ကကပေါင်းငါးနှင့် ကဏန်းများကို အသီးသီး ဇီဝိတဒါနအဖြစ်     ကုသိုလ်ယူ ပင်လယ်အတွင်းသို့ ဘေးမဲ့လွှတ်ပေးကြသည်။

 


ဆက်လက်၍  နံနက် (၈) နာရီတွင်  မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ဒါနအဖြစ် သက်ကြီးဘိုးဘွားများ ပူဇော်ကန့်တော့ပွဲကို ပြည်တော်အေး သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ရပ်မိရပ်ဖများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် စေတနာရှင်များက သက်ကြီးဘိုးဘွား (၁၄၈)ဦးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ကြပြီး ကန့်တော့ကြသည်။
     

 

dd

 

ထို့နောက် ဘိုးဘွားများကိုယ်စား သက်ကြီးအဘိုးတစ်ဦးမှ ပြုသမျှကုသိုလ်အဖို့ဘာဂအတွက်    ဆုတောင်းမေတ္တာ ပြန်လည်ပို့သပေးပြီး ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေး ပြုစုစောင့်ရှောက်မှု ပြုခဲ့ကြသည်။

 


ယင်းနောက် ဆရာတော်သံဃာတော်ကြီးများမှ မြို့အတွင်း မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ကြပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် နှစ်သစ်ဦး ဆွမ်းအလှူဒါနပြုခဲ့ကြကြောင်း သတင်းရရှိသည်။

 


ကျော်စိုး(ကော့သောင်း)

 

ddd