ကော့သောင်းမြို့ ၌ လျှပ်စစ်ဓာတ်အားပေးစက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

ကော့သောင်း  ၇ ဖေဖေါ်ဝါရီ 

 

ကော့သောင်းမြို့တွင် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ပုဂ္ဂလိက ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုမှ လုပ်ငန်းသုံး လျှပ်စစ် ဓာတ်အားပေးစက် အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် ညနေ ၆ နာရီခန့်က ကော့သောင်းမြို့၊ အေးငြိမ်ရပ်ကွက်၊ ဓူဝံ(၄)လမ်းနှင့် မေတ္တာမြိုင်လမ်းထောင့်ရှိ ဖိုးသီးချိုကုမ္ပဏီ ပိုင်ဆိုင်သည့် ပုဂ္ဂလိက ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုမှ လုပ်ငန်းသုံး CUMMINS 120 KVA လျှပ်စစ်ဓာတ်အားပေး ဂျင်နရေတာစက် မောင်းနှင်၍ ရပ်ကွက်အတွင်းသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနေစဉ် အင်ဂျင်စက်ဒိုင်နမိုမှ အပူလွန်ကဲမှုဖြစ်ပေါ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်ရာသို့ ရပ်ကွက်ပြည်သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်မော်တော်ယာဉ်(၂)စီး ရေသယ်ယာဉ်(၂)စီး၊ ပုဂ္ဂလိကရေသယ်ကား (၆)စီး၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင် (၂၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် အနီးအနားရှိ လူနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

DSC06590.