ကော့သောင်းမြို့ဈေးများအတွင်း အစားသောက်နှင့် အလှကုန်ဆိုင်များအား လိုက်လံစစ်ဆေး

ကော့သောင်း  ၃၁  မေ 

 

ကော့သောင်းမြို့တွင် အန္တရာယ်ရှိအစားအသောက်များနှင့် အလှကုန်ပစ္စည်းများရောင်းချမှု မရှိစေရေး ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ အစားအသောက်နှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းအား မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့်လိုက်လံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စားသုံသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်ဈေးများဖြစ်သည့် မြို့မဈေး၊လေဟာပြင်ဈေး၊ ဘုရင့်နောင်ဈေးများအတွင်း ကွင်းဆင်းစစ်ဆေးကြပြီး တားမြစ်ထုတ်ပြန်ထားသည့် အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချလျှက်ရှိသည့် ဆိုင်(၁၆)ဆိုင်မှ သက်တမ်းလွန်ပစ္စည်းများ သိမ်းဆည်းကာ အများပြည်သူအန္တရာယ်မဖြစ်ပွားရေး နောက်နောင်မရောင်းချကြရေးခံဝန်ကတိ လက်မှတ်ရေးထိုးစေခြင်း၊ သက်ဆိုင်ရာဈေးရုံးခန်းများတွင် ဈေးသူဈေးသားများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ဘေးကင်းရေး၊ ခွင့်မပြုဓာတု ဆိုးဆေးနှင့် ဓာတုတာရှည်ခံဆေးအန္တရာယ်များ အကြောင်းကို လည်းကောင်း၊ ခရိုင်စားသုံသူရေးရာဦးစီးဌာန မှ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ထုတ်ပြန်ခဲ့သည့် စားသုံးသူ အကာကွယ်ပေးရေးဥပဒေသစ် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပခြင်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များအား အသိပညာပေးဆွေးနွေးပြောကြားခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

v10.jp