ကော့သောင်းမြို့နယ် အော်ကြီး ကျေးရွာအုပ်စုအတွင်းရှိ လူနေတဲများနှင့် ဥယျာဉ်ခြံ သီးနှံစိုက်ခင်းများအား တောဆင်ရိုင်းအုပ်စု ဝင်ရောက်ပျက်စီး

 

ကော့သောင်း ဒီဇင်ဘာ ၂၅

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာ အုပ်စုအတွင်းတွင် စိုက်ပျိုးထားသည့် ဥယျာဉ်များ၊ သီးနှံစိုက်ခင်းများနှင့် လူနေတဲများအား ဒီဇင်ဘာ ၂၃ ရက်က တောဆင်ရိုင်းများ အုပ်စုလိုက်ဝင်ရောက် ဖျက်ဆီးသွားခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ပွင့်လင်းရာသီ ရောက်ရှိလာချိန်တွင် ဒေသခံများက ဥယျာဉ်ခြံများ၊ သီးနှံစိုက်ခင်းများ၊ ဆီအုန်းစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးရန် တောခုတ်ထွင် ရှင်းလင်းမှုများ ပြုလုပ်နေစဉ် ဒီဇင်ဘာ ၂၃ ရက်က ကော့သောင်းမြို့နယ် အော်ကြီးကျေးရွာ အုပ်စုရှိ (မိုင် ၄၀) တွင် တောဆင်ရိုင်းအုပ် ဝင်ရောက်လာပြီး ဥယျာဉ်အတွင်းရှိ လူနေတဲ (၁၀) လုံးကျော်ခန့်နှင့် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများကို ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

 

 

 

“ တောင်ဆင်ရိုင်းတွေက အုပ်လိုက်လာတယ်။ တောဆင်ရိုင်းအကောင်ရေ ၂၀ ကျော်လောက် ကျွန်တော်တို့ ရွာတွေဘက်က ဥယျာဉ်ခြံတွေကို ဝင်လာတယ်။ ဆင်ကြီးတွေနဲ့ ဆင်သားပေါက်လေးတွေလည်း ပါလာတယ်။ ဒီဘက်ကို တောဆင်တွေဝင်တာ ပထမဆုံးအကြိမ် ဖြစ်တယ်။ အရင်က ဒီလိုမျိုးလာတာ မကြုံဖူးဘူး။ ဥယျာဉ်စောင့်လူနေတဲလေးတွေ ဆောက်ထားတာ ဖျက်ဆီးသွားတယ်။ လူနေတဲက ၁၂ လုံးလောက် ပျက်စီးသွားခဲ့တယ်။ သီးနှံစိုက်ခင်းတွေကိုလည်း ဖျက်ဆီးသွားကြတယ်၊ ဥယျာဉ်စောင့်တဲတွေမှာက လူမနေကြပါဘူး။ နေ့ခင်းပိုင်းတွေမှာတော့ သီးနှံစိုက်၊ ရေလောင်းခဏတဖြုတ်နားပြီး ရွာကို ပြန်ကြတယ်။ လူတချို့ရှိနေပေမယ့် လူတွေကိုတော့ ဘာမှ မလုပ်ဘူး။ တဲအိမ်တွေနဲ့ သီးနှံစိုက်ခင်းတွေကိုပဲ ဖျက်ဆီးသွားကြပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

 

 

 

မြိတ် - တနင်္သာရီ - ဘုတ်ပြင်း - ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရှိ နေရာတချို့တွင် တောဆင်ရိုင်းများ မကြာခဏ ထွက်လာလေ့ရှိပြီး အများအားဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆီအုန်းခြံများနှင့် ကားလမ်းမကြီးတစ်လျှောက်တွင် မကြာခဏ တွေ့ရလေ့ရှိကြောင်း ခရီးသည်တင် မော်တော်ယာဉ်မောင်းများထံမှသိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ချောင်းမွန်၊ ခဲချောင်း၊ ဝါးချောင်းစသည့် ကျေးရွာအနီးတစ်ဝိုက်တွင် တောဆင်ရိုင်းကြီးများအား မကြာခဏ တွေ့ရလေ့ရှိပြီး ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သတိပေးဆိုင်းဘုတ်များ စိုက်ထူပေးထားရသည်။

 

မြင့်ဉီး(မြိတ်)