ကော့သောင်းမြို့နယ် ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး လိုက်လံရောင်းချနေသည့် လှေတစ်စင်း ဖမ်းဆီးရမိ

ကော့သောင်း  ၂၀   မတ် 

ကော့သောင်းမြို့နယ်၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေများပေါ်မှ ရေလုပ်သားများအား  မူးယစ်ဆေးဝါး လိုက်လံ ရောင်းချနေသည့် လှေတစ်စင်းနှင့်အတူ အမျိုးသားတစ်ဦးအား ယမန်နေ့ညနေပိုင်းက  မြန်မာ့တပ်မတော်(ရေ) ကမ်းခြေစောင့်တိုက်ရေယာဉ်မှ မြန်မာ့ပင်လယ်ပြင်အတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့က စစ်ရေယာဉ်မှူး ဗိုလ်ကြီး ဉာဏ်ဝင်းထက်  ဦးစီးသော မြန်မာ့တပ်မတော်(ရေ) ကမ်းခြေစောင့်တိုက်ရေယာဉ်သည် ကော့သောင်းမြို့နယ်၊ အက်ဒမန်ပင်လယ်ပြင်အတွင်း ကင်းလှည့်နေစဉ် လိုဏ်ဂူကျွန်းအနီး မူးယစ်ဆေးဝါး လှည့်လည်ရောင်းချနေသော လှေငယ်တစ်စီး ရောက်ရှိနေကြောင်း ဒေသခံငါးဖမ်းလှေများ၏သတင်းပေးပို့ချက်အရ သွားရောက်ဖမ်းဆီးရာ လိုဏ်ဂူကျွန်း၏ အနောက်မြောက်ဖက်  လှေငယ်ပေါ်တွင်   နေဇာညီ(ခ)နေမင်းသူ(၂၆)နှစ် အား WY မူးယစ်ဆေးပြား (၆၂)ပြားနှင့်အတူ  အဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စစ်မေးချက်အရ ၎င်းတို့သည် ကော့သောင်းမြို့နယ်၊ အက်ဒမန်ပင်လယ်ပြင်အတွင်း ရေပြင်ရှိ ငါးဖမ်းလှေများမှ ရေလုပ်သားများအား မူးယစ်ဆေးဝါးများ လိုက်လံရောင်းဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် နေဇာညီ(ခ)နေမင်းသူ(၂၆)နှစ် အား  ကော့သောင်းရဲတပ်ဖွဲ့သို့လာရောက်အပ်နှံပေးခဲ့ပြီး ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)