ကော့သောင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ကော့သောင်း ၊   ၂၇  ဇန်နဝါရီ

ကော့သောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား အိန္ဒိယနိုင်ငံအစိုးမှ ချစ်ကြည်ရင်းနှီးမှုဖြင့်ပေးအပ်သော  COVISHIELD/Astrazeneca ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စတင်ထိုးနှံပေးကြောင်း သိရသည်။

ယင်းသို့ထိုးနှံရာတွင် ကာကွယ်ဆေးထိုးအဖွဲ့ (၃)ဖွဲ့ခွဲကာ ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အတွက် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေး (၂၄)လုံးရရှိခြင်းဖြစ်ကာ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း(၂၂၀)အား ပထမအသုတ်အဖြစ် စတင်ထိုးနှံပေးခြင်း ဖြစ်သည်။ ကာကွယ်ဆေး ထိုးနှံရာတွင် လူတစ်ဦးလျှင်ဆေး (ဝ.၅စီစီ)ထိုးပေးခြင်းဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၁၀)ဦး ထိုးနှံနိုင်ကြောင်း၊ ပထမကြိမ် ကာကွယ်ဆေးထိုးအပြီး ရက်သတ္တ(၄)ပတ်အကြာတွင် ဒုတိယကြိမ်ထပ်မံ ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ထူးခြားသည့် ဘေးထွက်ဆိုးကျိုးများမရှိကြောင်း ၊ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ကောလာဟလများအား မယုံကြည်ကြရန်လိုအပ်ကြောင်း၊ ယခုစတင်ထိုးနှံမှုအစီအစဉ်တွင် ဆေးရုံတွင်သာ ထိုးနှံပေးကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် မည်သည့်ကာကွယ်ဆေးမဆို မတော်တဆ ဓာတ်မတည့်မှုများဖြစ်ပေါ်လေ့ရှိသဖြင့်  အရေးပေါ်ကုသမှု လိုအပ်လာပါက အချိန်မီ ကုသမှုခံယူရန် ဆေးဝါးပစ္စည်း ကိရိယာနှင့်ဆရာဝန်များ အဆင်သင့်ရှိရာ နေရာဖြစ်သည့်ဆေးရုံတွင်သာ ထိုးပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်က ယခုပထမအသုတ်အဖြစ် ရောဂါကာကွယ်ကုသမှု လုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်နေရသည့် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးပေးခြင်းဖြစ်ပြီးဆက်လက်၍ ဒုတိယအဆင့်အနေနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည့်အစီအစဉ်များရှိကြောင်း ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်၏ ပြောပြချက်အရ သိရသည်။

ကျော်စိုး(ကော့သောင်း)