ကော့သောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင် ဆီပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွား

ကော့သောင်း ၂၃ မေ

 

ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ ကိုးမိုင်ကျေးရွာ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်တွင် မေ ၂၂ ရက် ညနေ ၅ နာနီခန့်က ပင်မဆီလှောင်ကန်နှင့် ဆီဖြည့်ပန့်သို့ ဆီပို့လွှတ်ပိုက်လိုင်း မြုပ်နှံဖုံးအုပ်ထားသည့် ကွန်ကရစ်မြောင်းတစ်လျှောက် လေလုံအပူလွန်ကဲ၍ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဆီပို့လွှတ်ပိုက်လိုင်း မြုပ်နှံဖုံးအုပ်ထားသည့် ကွန်ကရစ်မြောင်း အရှည် ၃၀ ပေခန့် တောက်လျှောက် နည်းပညာချို့ယွင်းမှုကြောင့် မြောင်းအဖုံး ကွန်ကရစ်အခင်းများအတွင်းမှ ဓာတ်ငွေ့များအောင်းကာ အပူလွန်ကဲ ပေါက်ကွဲထွက်ပြီး ကွန်ကရစ်အပိုင်းအစများ လွှင်စင်၍ ဆီပန့်အမိုး မျက်နှာကျက်နှင့် ဆီဖြည့်ပန့်များ၊ အုတ်တိုင်များ ပျက်စီးခဲ့ကာ ပေါက်ကွဲမှုဖြစ်စဉ်တွင် မီးလောင်ကျွမ်းခြင်း၊ လူထိခိုက်သေဆုံးခြင်း မရှိကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မီးငြှိမ်းသတ်ယာဉ်များနှင့် တာဝန်ရှိအဖွဲ့အစည်းများ လာရောက်စစ်ဆေးကြပြီး ကော့သောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူများအား လူနှင့်ပတ်ဝန်းကျင် အန္တရာယ်ဖြစ်စေသည့် ပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)