ကျေးဇူးဂုဏ်အင် ဦးထိပ်တင်၍

သိုက်စိုးထွန်း(နတ်ရွာ)

လွတ်လပ်ရေးနေ့အချိန်အခါကို ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။

အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့တာ ၇၂ နှစ်တောင် ကြာခဲ့ပြီ။ တကယ်ဆို ဒီလိုလွတ်လပ်တဲ့နိုင်ငံအဖြစ်ကို အလွယ်တကူနဲ့ရခဲ့တာ မဟုတ်ပါဘူး။ တိုင်းရင်းသား သွေးချင်းညီအစ်ကိုတွေ အားလုံး လက်တွဲညီညီနဲ့ လွတ်လပ်ရေးခရီးရှည်ကို မမှိတ်မသုန်ချီတက်ခဲ့ကြလို့သာ ဒီအခြေအနေကို ရောက်လာခဲ့ကြတာပါ။

လွတ်လပ်တဲ့နိုင်ငံမှာ ရှင်သန်ကြီးပြင်းရသူနဲ့ ကိုလိုနီ လက်အောက်ခံနိုင်ငံမှာ ရှင်သန်ကြီးပြင်းရသူတို့ စိတ်ခံစားမှုချင်း၊ ကြုံတွေ့ရတဲ့အခြေအနေချင်းကတော့ အတော်ကွာမှာပါ။ ကိုယ့်ထီးကိုယ့်နန်းနဲ့ ကိုယ်ပိုင်နိုင်ငံ တစ်ခုမှာ နေထိုင်နေရင်းနဲ့ သူ့ကျွန်ဖြစ်သွားရတဲ့ဘဝက မကောင်းသလို ကိုယ့်မှာဘာအပြစ်မှမရှိဘဲ မွေးဖွားစ ကတည်းက ကိုလိုနီလက်အောက်ခံ နိုင်ငံသား တစ်ယောက်ဖြစ်လာရတာလည်း အတော်ဆိုးမှာပါ။ ဆိုးခဲ့တဲ့အခြေအနေတွေကို ကောင်းလာအောင် ပြောင်းလဲ ပုံဖော်သူတွေရှိခဲ့ကြလို့သာ ဒီကနေ့ မျက်မှောက်ခေတ် တိုင်းရင်းသားအားလုံး ကိုယ့်ရေမြေကို ကိုယ်ပိုင်စိုးတဲ့ နိုင်ငံတစ်ခုမှာ နေထိုင်ခွင့်ရနေကြတာပါ။ ရှေးကဘိုးဘေး တွေအပင်ပန်းခံခဲ့ကြလို့သာ၊ သူတို့တွေအဆင်းရဲခံခဲ့ကြ လို့သာ၊ သူတို့တွေ အနစ်နာခံခဲ့ကြလို့သာ ဒီလိုအခြေအနေ ရောက်လာကြတာပါ။

မှန်းဆသိမြင်နိုင်

ကိုယ်တိုင်မကြုံဖူးခဲ့ပေမယ့် သမိုင်းဖြစ်ရပ်မှန် စာအုပ်စာပေတွေ ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ခြင်းအားဖြင့်သော်လည်းကောင်း၊ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ သက်ကြီးစကားတွေကို သက်ငယ်ကြားခဲ့ရခြင်းအားဖြင့်သော်လည်းကောင်း ကိုလိုနီ လက်အောက်ခံကာလမှာ တိုင်းရင်းသားပြည်သူတွေ ဘယ်လိုဒုက္ခရောက် ခဲ့ကြသလဲဆိုတာကို မှန်းဆသိမြင် နိုင်ပါတယ်။ ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ရတဲ့ ခရီးလမ်းက ဘယ်လောက်ကြမ်းတမ်း ခက်ထန်ခဲ့တယ် ဆိုတာကိုလည်း မှန်းဆသိမြင်နိုင်ပါတယ်။

ကျေးဇူးတရားတွေကို မှန်းမျှော်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးခရီးလမ်းကို ပင်ပန်းဆင်းရဲမှုဒဏ်တွေ ကြားက ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းပြီး လွတ်လပ်ရေးအောင်ပန်းကို အရယူပေးခဲ့ကြတဲ့ တိုင်းရင်းသားဘိုးဘေးအားလုံးရဲ့ ကျေးဇူးတရားတွေကို တွေ့ရမှာပါ။ လွယ်လွယ်ကူကူနဲ့ရခဲ့ကြတာ မဟုတ်ဘူး ဆိုတာကိုလည်း သိရမှာပါ။ အမျိုးသားခေါင်းဆောင်ကြီးတွေနဲ့ တိုင်းရင်းသားဘိုးဘေးအားလုံးရဲ့ကျေးဇူးက ဒီကနေ့လက်ရှိ တိုင်းရင်းသားအားလုံးအပေါ်မှာသာမက အနာဂတ်မှာ မွေးဖွားလာကြဦးမယ့် တိုင်းရင်းသားအားလုံး အပေါ်မှာလည်း တင်ကျန်နေရစ်မှာပါပဲ။

ကျေးဇူးရှိရင် ကျေးဇူးသိသင့်ပါတယ်။ ကျေးဇူးသိရင် ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

“မေတ္တာရှေးဦး၊ ပြုပေဖူးကို၊ ကျေးဇူးသိမူ၊ ကတညု တည့်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်ချွတ်ချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်၊ လောကီလူစု၊ မြင်ဉာဏ်နုတို့၊ သူပြုအထူး၊ သူ့ကျေးဇူးကို၊ ကြည်နူးဝမ်းမြောက်၊ မခေါက်မရက်၊ နှစ်သက်အင်ရွဲ၊ သိတတ်ခဲ၏”လို့ မန်လည်ဆရာတော်ကြီးက ဆုံးမတော် မူခဲ့ပါတယ်။ ကျေးဇူးကို သိတတ်ဖို့လည်းလိုပါတယ်။ သိရုံသာမက ဖော်ထုတ်ဖို့လည်းလိုပါတယ်။ ဒါ့အပြင် ဆပ်နိုင်ဖို့လည်းလိုပါတယ်။

သစ်တစ်ပင်ရဲ့အရိပ်ကို နားခိုခဲ့ဖူးရင်တောင်မှ သူ့အခက်ကို မချိုးသင့်ပါဘူးတဲ့။ အရိပ်မိုးပေးဖူးတဲ့ သူ့ကျေးဇူးကို သိရပါမယ်တဲ့။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လွတ်လပ်ရေးအရိပ်အာဝါသကြီး မိုးပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတွေကိုတော့ ပိုလို့တောင် အသိအမှတ်ပြုသင့်ပါတယ်။ ထာဝရ ဦးထိပ်ပန်ဆင်ထား ရမယ့် ကျေးဇူးရှင်ကြီးတွေ ဖြစ်ပါတယ်။

ဘိုးဘေးတွေရဲ့ကျေးဇူးဂုဏ်အင်တွေကို ဦးထိပ်တင် ထားပြီးပြီဆိုရင်၊ သူတို့ပြုခဲ့ဖူးတဲ့ကျေးဇူးကို အသိအမှတ်ပြု ပြီဆိုရင် ကျေးဇူးဆပ်နိုင်ဖို့ကြိုးစားရမှာပါ။ ကျေးဇူးဆပ် တယ်ဆိုတာကလည်း တခြားတော့မဟုတ်ပါဘူး။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ မက်ခဲ့တဲ့အိပ်မက်ကို အကောင်အထည်ဖော်ရာမှာ စွမ်းနိုင်ရာဘက်က ပူးပေါင်း ပါဝင်ပေးဖို့ပါပဲ။

ကိုယ်စီကိုယ်စီရှိခဲ့ကြ

ခေါင်းဆောင်ကြီးတွေရဲ့အိပ်မက်ဆိုတာ လွတ်လပ်တဲ့ နိုင်ငံအဖြစ်ဆိုတာနဲ့တင် ရပ်တန့်နေမှာတော့ မဟုတ်နိုင်ပါ ဘူး။ လွတ်လပ်တဲ့နိုင်ငံတော်အဖြစ်ကို မြင်တွေ့သွားရသူတွေ ရှိသလို ခရီးကြမ်းရဲ့ လမ်းခုလတ်မှာတင် တိုင်းပြည်အတွက် ကိုယ်နဲ့အသက်ကိုအပ်နှံပြီး နှုတ်ဆက်ထွက်ခွာသွားရသူတွေ လည်း ရှိကြပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုခရီးလမ်း မှာ ပါဝင်ခဲ့ကြတဲ့ မော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးတွေအနေနဲ့ သူတို့ နိုင်ငံတော်ကို လွတ်လပ်တဲ့နိုင်ငံတော်အဖြစ် တည်ဆောက် ပြီးတဲ့နောက်မှာ သာယာတဲ့နိုင်ငံတော်၊ ငြိမ်းချမ်းတဲ့ နိုင်ငံတော်၊ စည်းလုံးညီညွတ်တဲ့နိုင်ငံတော်၊ ဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံတော်အဖြစ်ကို တည်ဆောက်လိုတဲ့ ရည်ရွယ်ချက် တွေလည်း ကိုယ်စီကိုယ်စီရှိခဲ့ကြမှာပါပဲ။

ဒီရည်ရွယ်ချက်တွေကို ဖော်ဆောင်ရာမှာ ခေတ်အဆက်ဆက် တိုင်းပြည်တာဝန်ကို ပခုံးပြောင်းလွှဲယူခဲ့ကြ သူတွေက တတ်စွမ်းသမျှတော့ ဖော်ဆောင်ခဲ့ကြတာပါပဲ။ ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်၊ တပ်မတော် အုပ်ချုပ်ရေးစနစ် စသည်အားဖြင့် ခေတ်စနစ်မျိုးစုံနဲ့ ပုံဖော် ဖန်တီးခဲ့ကြတာပါပဲ။ ဒီကနေ့ ဒီအချိန်မှာတော့ တိုင်းပြည်အတွက် အသင့်လျော်ဆုံးက ပါတီစုံဒီမိုကရေစီစနစ်ဖြစ်တယ်ဆိုတာကို လက်ခံကြလို့ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းခဲ့ကြတာ ဆယ်စုနှစ်တစ်ခုအထိ ရောက်လာခဲ့ပြီပေါ့လေ။ ဒီခရီးလမ်းမှာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ကြသလို မအောင်မြင်သေးတာတွေလည်း အများကြီး ကျန်သေးတယ်ဆိုတာကို တွေ့မြင်ရမှာပါ။

ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုရဲ့ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တစ်မျိုးသားလုံး ပညာရည် မြင့်မားရေး စသည်စသည်အားဖြင့် တိုင်းပြည်အတွက် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးအသိပါပဲ။ ဒီစကားလုံးတွေ ရွတ်လိုက် တော့ ဒါတွေက အစိုးရလုပ်ရမယ့် အလုပ်တွေပဲ မဟုတ်လား လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ နိုင်ငံတစ်ခုကို အစိုးရတစ်ခုတည်း တည်ထောင်ဖန်ဆင်းလို့ရတာမျိုး မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရမှာအဓိကတာဝန်ရှိတာမှန်ပေမယ့် ဒီနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့သာ အောင်ပန်းကို ဆွတ်ချူနိုင်မှာပါ။

မဖြစ်မနေပါဝင်

လွတ်လပ်တဲ့နိုင်ငံတော်ဖြစ်ပြီးတဲ့နောက်မှာ ပါလီမန် ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီဆိုပြီးတော့ ဒီမိုကရေစီ စနစ်ကို နှစ်ကြိမ်တိုင်တိုင်ကျင့်သုံးခဲ့ကြပြီးဖြစ်သလို ဒီကနေ့ ဒီအချိန်အခါမှာလည်း ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်မှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ရပ်က မဖြစ်မနေပါဝင်နေရတာပါ။ ကောင်းမွန်သော အုပ်ချုပ်မှုဆိုတာကို အင်္ဂါရပ်ရှစ်ခုနဲ့ တိုင်းတာကြသူတွေရှိသလို ဒီရှစ်ခုထဲက တူရာတူရာတွေပေါင်းပြီး အင်္ဂါရပ်လေးခုနဲ့ တိုင်းတာပြကြသူတွေလည်း ရှိပါတယ်။ ရှစ်ခုလို့ပဲ ပြောပြော၊ လေးခုလို့ပဲဆိုဆို နှစ်ခုစလုံးမှာ ပြည်သူလူထုပူးပေါင်းပါဝင်မှုကတော့ မဖြစ်မနေလိုအပ်တယ်လို့ ဆိုပါတယ်။ အကြီးအကဲတွေဘက်က ဆောင်ရွက် ရမှာတွေရှိသလို တိုင်းရင်းသားပြည်သူအားလုံးက လက်တွဲ ပါဝင်ကြရမယ့် အပိုင်းတွေလည်း အများကြီးရှိနေပါတယ်။

ကိုယ်က ပြည်သူတစ်ယောက်အနေနဲ့ ဒီနိုင်ငံကြီးအတွက် ဘာတွေလုပ်ပေးနိုင်မှာမို့လို့လဲလို့ မေးစရာ ရှိပါတယ်။ တကယ်တော့ ကိုယ်လုပ်ပေးနိုင်တာတွေ အများကြီးရှိပါတယ်။ အများကြီးမှ အများကြီးပါ။ တိုင်းပြည် တည်ဆောက်ရေးမှာ သူလည်းအရေးကြီးသလို ကိုယ်လည်း အရေးကြီးပါတယ်။ သူ့အဖွဲ့လည်း မပါမဖြစ်သလို ကိုယ့်အဖွဲ့လည်း မပါရင်မပြီးပါဘူး။ ဟိုဘက်အိမ်ကလူကို ချန်ထားခဲ့လို့မဖြစ်သလို ဒီဘက်အိမ်ကလူကိုလည်း ချန်ခဲ့လို့ မရပါဘူး။ ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းစီ အကုန်လုံး အရေးပါတဲ့သူတွေချည်းသာဖြစ်ပါတယ်။

ပြည်သူ့အခန်းကဏ္ဍက တကယ့်ကိုအရေးပါ

နိုင်ငံတကာအသိုင်းအဝိုင်းအလယ်မှာ နိုင်ငံတစ်နိုင်ငံရယ်လို့ ရပ်တည်နိုင်ဖို့အတွက် ပိုင်နက်နယ်မြေ တစ်ခုရယ်၊ အုပ်ချုပ်တဲ့အစိုးရရယ်၊ ပြည်သူရယ်၊ အချုပ်အခြာအာဏာရယ်၊ နိုင်ငံတကာအသိအမှတ်ပြုမှု ရယ် လိုပါသတဲ့။ ပြည်သူဆိုတာကို ဖယ်လိုက်ရင် နိုင်ငံဆိုတာမရှိတော့ပါဘူး။ အစိုးရဆိုတာကလည်း ဒီပြည်သူ တွေကြားထဲက ပြည်သူတွေကို ရွေးကောက်တင်မြှောက် ထားတာပါပဲ။ 
အချုပ်အခြာအာဏာဆိုတာကလည်း နိုင်ငံသားတစ်ဦးချင်းစီကနေပဲ ဆင်းသက်လာတာပါပဲ။ ဒီတော့ နိုင်ငံတစ်နိုင်ငံအတွက် ပြည်သူတွေရဲ့ အခန်း ကဏ္ဍက တော်တော်ကိုအရေးကြီးတယ်ဆိုတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ပြည်သူ လူထုလိုအပ်သလို နိုင်ငံတစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်းသာယာဖို့ဆိုတာကလည်း ပြည်သူ့အခန်းကဏ္ဍ က တကယ့်ကိုအရေးပါတဲ့နေရာမှာ ရှိနေမှာပါပဲ။

ငြိမ်းချမ်းရေးလိုတယ်။ ငြိမ်းချမ်းဖို့ ပြည်သူတွေ ဘာလုပ်ပေးနိုင်သလဲ။ အစိုးရလည်း ပြည်သူထဲက ပြည်သူ၊ တပ်မတော်လည်း ပြည်သူထဲကပြည်သူ၊ တိုင်းရင်းသား လက်နက်ကိုင်လည်း ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်ပတ်ဝန်းကျင်က ပြည်သူတွေသော်လည်းကောင်း အားလုံးက ငြိမ်းချမ်း ချင်နေကြပြီဆိုရင် ငြိမ်းချမ်းရေးပန်းတိုင်က တစ်ချိန်ချိန်မှာ ရကိုရလာမှာပါပဲ။ ကိုယ်က ဘယ်အသိုင်းအဝိုင်းနဲ့မှ နီးစပ်သူမဟုတ်လို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူးလို့ တွေးမိတယ်ဆိုရင် အနည်းဆုံးတော့ လူ့အသိုင်းအဝိုင်း ကြားမှာ အမုန်းစကားတွေမပြန့်ပွားဖို့ ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းနိုင်သေးတယ်ဆိုတဲ့ ခံယူချက်မျိုးထားသင့်ပါ တယ်။ ဘယ်သောအခါမှ ဟိုဘက်ကိုတို့လိုက်၊ ဒီဘက်ကို ရှို့လိုက် မလုပ်ဘူးဆိုတဲ့ စိတ်ထားမျိုးလည်းမွေးသင့် ပါတယ်။ ‘အမှိုက်ကစ ပြာသာဒ်မီးလောင်’တဲ့။ စလောင်လိုက်တဲ့အမှိုက်လေးတစ်စက ကိုယ်ရှို့လိုက်တဲ့အမှိုက်လေး မဖြစ်ဖို့လိုပါတယ်။ လူ့အဖွဲ့အစည်းမှာပါဝင်သူအားလုံး ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို သိရှိနားလည်လာကြပြီဆိုတဲ့ တစ်နေ့မှာ လုံးဝဥဿုံငြိမ်းချမ်းသွားမှာပါပဲ။

ရေရှည်အောင်မြင်မှုကို ရနိုင်တာဖြစ်

အလားတူပါပဲ။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် အစိုးရမှာ တာဝန်ရှိတဲ့အတွက် အစိုးရပိုင်းက စွမ်းနိုင်သမျှ ကြိုးစားနေကြသလို ပြည်သူပြည်သားတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေစသည်အားဖြင့် အများပြည်သူရဲ့ ကြိုးစားအားထုတ်မှုကလည်း အရေးပါနေတာပါပဲ။ အထူးသဖြင့် စီးပွားရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေမှာ ပြည်သူလူထုရဲ့အခန်းကဏ္ဍက ပိုပြီးတော့တောင် အရေးပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ သမိုင်း အမွေအနှစ်တွေထိန်းသိမ်းရေး စသည်အားဖြင့် ခေါင်းစဉ်တစ်မျိုးမျိုးကို တပ်လိုက်ပြီဆိုရင်လည်း ဒီခေါင်းစဉ် အောက်မှာ ပြည်သူလူထုပူးပေါင်းပါဝင်မှု အားကောင်းမှသာ အောင်မြင်နိုင်မယ်ဆိုတဲ့အချက်က ကပ်ပါလာတာ ပါပဲ။ ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းမှသာ ရေရှည်အောင်မြင်မှုကို ရနိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းပြည်တည်ဆောက်ရေးမှာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက အရေးပါနေ ကြတာဖြစ်တဲ့အတွက် ကိုယ့်အခန်းကဏ္ဍကို လျှော့မတွက် သင့်ပါဘူး။
ကိုယ့်တိုင်းပြည်အတွက် ကိုယ်ဟာ အရေးပါသူ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ခံယူချက်ကို စွဲစွဲမြဲမြဲ ခံယူ ထားသင့်ပါတယ်။

တစ်ယောက်တစ်လက်နဲ့ ကိုယ်စွမ်းနိုင်ရာ ဘက်က ပါဝင်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အကြေအညာ အနှံ့ ဖြန့်ကြက်လွှမ်းခြုံပြီး ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲ ခဲ့ကြလို့သာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူနိုင်ခဲ့ကြ တာပါ။ ဒီနမူနာကို မကြာမကြာသတိရနေသင့်ပါတယ်။ ပြည်သူတစ်ရပ်လုံးပါဝင်လာမှသာ အရာရာကို အောင်ပန်း ဆင်နိုင်မယ်ဆိုတဲ့သင်ခန်းစာကို ရယူပြီးတော့ ကိုယ်စွမ်း နိုင်ရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ ကျေးဇူးကြီးခဲ့တဲ့ ဘိုးဘေးတွေအပေါ် ကျေးဇူးဆပ်ရာရောက်သလို အနာဂတ်မျိုးဆက်တွေ အတွက် တာဝန်ကျေရာလည်းရောက်ပါတယ်။

ကြိုးစားယူကြရမှာဖြစ်

ရှေးကဘိုးဘေးတွေက သမိုင်းပေးတာဝန်ကို ကျေခဲ့ကြပြီဖြစ်ပါတယ်။ သူတို့တွေ တာဝန်ကျေခဲ့ကြလို့သာ လွတ်လပ်တဲ့နိုင်ငံတစ်ခုမှာ နေထိုင်ခွင့်ရကြတာ ဖြစ်ပါတယ်။ ဘိုးဘေးတွေအရယူခဲ့တဲ့ လွတ်လပ်ရေးအောင်ပန်းကို ထာဝရပွင့်လန်းနေဖို့ ဒီကနေ့လက်ရှိတိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက တာဝန်ယူကြရမှာ ဖြစ်တဲ့အပြင် ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ ဒီနိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက် လာဖို့အတွက်လည်း ကိုယ်စွမ်းနိုင်ရာဘက်ကနေ မခိုမကပ်တမ်း ကြိုးစားကြရမှာဖြစ်ပါတယ်။ အောင်မြင်မှုအကြီးကြီး တွေအတွက် ကိုယ်တတ်နိုင်တဲ့ အသေးလေးတွေကစပြီး ကြိုးစားယူကြရမှာ ဖြစ်ပါတယ်။

ဘိုးဘေးတွေပေးခဲ့တဲ့ လက်ဆင့်ကမ်းအမွေဟာ ဒီကနေ့ ကိုယ့်လက်ထဲကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘိုးဘေးတွေက သူ့ကျွန်ဘဝကလွတ်မြောက်တဲ့ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်နဲ့ အမွေ ကောင်းတစ်ခုကို ချန်ထားရစ်ခဲ့ကြတာ ဖြစ်ပါတယ်။
မျက်မှောက်ခေတ်ပြည်သူတွေကလည်း အနာဂတ် မျိုးဆက်သစ်တွေဆီ နိုင်ငံတော်ကိုလွှဲအပ်တဲ့အခါ ကိုယ်လက်ခံရရှိထားတဲ့ နိုင်ငံတော်ရဲ့အခြေအနေထက် အဘက်ဘက်က သာလွန်တဲ့အနေအထားရောက်အောင် ကြိုးစားပြီးမှ ငြိမ်းချမ်းတဲ့နိုင်ငံတော်၊ သာယာတဲ့ နိုင်ငံတော်၊ စည်းလုံးတဲ့နိုင်ငံတော်၊ ဂုဏ်ရှိန်ရောင်ဝါ မြင့်မားတဲ့နိုင်ငံတော်အဖြစ်နဲ့ တည်ဆောက်ပြီး လက်ဆင့်ကမ်းပေးနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒီနိုင်ငံဟာ ဘိုးဘေးတွေထားရစ်ခဲ့တဲ့ အမွေအနှစ် ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ဒီလိုနေခွင့်ရနေတာက ဘိုးဘေးတွေရဲ့ ဂုဏ်ကျေးဇူးတွေကြောင့် ဖြစ်ပါတယ်။ ဒီကျေးဇူးဂုဏ်အင်တွေကို ဦးထိပ်မှာ ပန်ဆင်ပြီးတော့ ကိုယ့်တိုင်းပြည်အတွက် ကိုယ်စွမ်းနိုင်သမျှ ကြိုးစား ကြရင် အနာဂတ်မျိုးဆက်သစ်တွေဆီကို ပခုံးပြောင်း လက်ဆင့်ကမ်းတဲ့အချိန်မှာ ကိုယ်ရခဲ့တဲ့အမွေထက် ပို၍ ပို၍ တန်ဖိုးမြင့်မားတဲ့ အမွေအနှစ်တစ်ရပ်အဖြစ် လွှဲပြောင်းပေးအပ်နိုင်ဖို့အတွက် အဘိုးဆရာဇော်ဂျီ မှာခဲ့သလို ‘သူကစ၍၊ ငါကအားလုံး၊ လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နဲ့၊ စွမ်းဆောင်’ကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်။ ။