ကျေးဇူးပါ ဆရာ

စိုးအောင် (ပညာရေး)

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ (World Teachers Day) ဖြစ်ပါသည်။ ဤနေ့သည် အမှန်တကယ်အားဖြင့် ပညာရေး၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ထိုပညာရေး၏ နေ့ထူးနေ့မြတ်ဝယ် ကျွန်ုပ်တို့အားလုံး မြန်မာ့ဆရာ ဆရာမများနှင့် ကမ္ဘာတွင်ရှိသည့် ဆရာ ဆရာမများ၏ ဂုဏ်ကျေးဇူးများကို ဖော်ထုတ်ကာ လေးလေးနက်နက် ဂုဏ်ပြုကြရမည်ဖြစ်ပါ သည်။

လွန်ခဲ့သော ငါးဆယ့်သုံးနှစ်ကျော်ကာလတွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ချုပ် (UNESCO) က ဆရာများ၏ ဂုဏ်သိက္ခာနှင့် စပ်လျဉ်း၍ ပထမဆုံး အသေးစိတ် ရေးဆွဲပြုစုခဲ့ကြသည်။ ရေးဆွဲပြုစုရာတွင် ထိုကိစ္စသည် အလုပ်သမားရေးရာနှင့်လည်း သက်ဆိုင်နေသဖြင့် ယူနက်စကိုအဖွဲ့ချုပ်ကြီးက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)နှင့် ထပ်မံဆွေးနွေး ညှိနှိုင်းကာ ဆရာများ၏ ဂုဏ်သိက္ခာနှင့် စပ်လျဉ်းသည့် ထောက်ခံချက် (Recommendation Concerning The Status Of Teachers ) ကို ထပ်မံပြုစုခဲ့ကြသည်။

ထိုအဖွဲ့ချုပ်နှစ်ခု ပူးပေါင်းရေးဆွဲပြုစု၍ ရရှိလာ သည့် ထောက်ခံချက် (Joint UNESCO ILO Recom-mendation Concerning The Status Of Teachers) ကို အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာအဖွဲ့၊ အသင်းအဖွဲ့ များ တက်ရောက်ကြသည့် အထူးညီလာခံကြီးတွင် တင်ပြ ခဲ့သည်။

၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါအထူးညီလာခံကြီးနှင့် ဆရာများ ၏ ဂုဏ်သိက္ခာဆိုင်ရာ ထောက်ခံချက်ကို အညီအညွတ် ဆွေးနွေးလက်ခံ အတည်ပြုပြဋ္ဌာန်းပေးခဲ့သဖြင့် ကမ္ဘာပေါ်တွင် ဆရာများ၏ ဂုဏ်သိက္ခာ ထောက်ခံချက်၊ ပြဋ္ဌာန်း ချက်သည် အခိုင်အမာအတည်ပြု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ဆရာများသမိုင်းတွင် သမိုင်းဝင်ဖြစ်ခဲ့ရသော ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့သတ်မှတ်၍ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစတင်ကာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး တွင် ကမ္ဘာ့ဆရာများနေ့အဖြစ် အထိမ်းအမှတ်ပွဲများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။ ထိုနေ့တွင် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည့် ဆရာ ဆရာမများ၏ အရေးကြီးသော အခန်းကဏ္ဍကို ဂုဏ်ပြု ကြသည်။ အနာဂတ်မျိုးဆက်သစ်များ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနေကြသည့် ကမ္ဘာကြီးတွင် ရှိသော ဆရာ ဆရာမများ၏ မွန်မြတ်သော အသက်မွေးမှုလုပ်ငန်း ကို အသိအမှတ်ပြုခြင်းဖြစ်သည်။

ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များဖြစ်သည့် UNICEF ၊ UNDP ၊ ILO ၊ Education International တို့နှင့် ပူးပေါင်း၍ ကမ္ဘာ ပေါ်ရှိ နိုင်ငံအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ကျင်းပလျက် ရှိရာ ပညာရေးနှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ ဆရာ များအား သင်တန်းပေးခြင်း၊ ဆရာအသစ်များ စုဆောင်း အလုပ်ခန့်ခြင်း၊ ဆရာများ၏ ထူးချွန်စွာ စွမ်းဆောင်ခဲ့မှု များကို လူထုဆက်သွယ်ရေးနည်းပညာများဖြင့် ဂုဏ်ပြု၍ ဖော်ထုတ်ပြသခြင်း၊ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ တပည့်များ၏ ပညာရေးအတွက် ဘဝများကို ရင်းနှီးမြှုပ်နှံ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသော ဆရာများကို ဂုဏ်ပြု ခြင်း၊ တပည့်များက ဆရာများထံ ကျေးဇူးတင်လွှာများ ပေးပို့ခြင်း၊ ဂါရဝလက်ဆောင်များ ပေးပို့ခြင်း၊ ပြပွဲ၊ ပြိုင်ပွဲ များကျင်းပပြုလုပ်ခြင်း၊ ဂုဏ်ပြုသီချင်းများ သီဆိုခြင်း၊ ကပွဲများပြုလုပ်ခြင်း စသည်ဖြင့် ကျင်းပပုံ နည်းမျိုးအစုံစုံ နှင့် ပြုလုပ်ဆောင်ရွက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်လည်း ပညာ ရေးဝန်ကြီးဌာနကဦးစီး၍ ကမ္ဘာ့ဆရာများနေ့အား ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့်အခမ်းအနားကို စတင် ကျင်းပခဲ့သည်။

ယနေ့တိုင်အသက်ဝင်နေဆဲဖြစ်သည့် ဆရာများ၏ဘဝကို ဖော်ကျူးထားသည့် လိုဂိုသင်္ကေတ ပုံရိပ်အား လသာမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူညီအစ်မများဖြစ် သည့် မချိုဇော်အောင်၊ မဇင်ဇော်အောင်တို့က ရေးဆွဲပေး ခဲ့ကြသည်။

လက်တစ်ဖက်ပေါ်တွင် ဖယောင်းတိုင်တစ်တိုင် ထွန်းလင်းတောက်ပနေပုံကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ မိမိလက်ပေါ်တွင် ခိုင်မြဲနေစေရုံသာမက ထွန်းလင်း တောက်ပနေစေရန်အတွက် လိုအပ်လျှင် မိမိလက်ကိုပင် ဖယောင်းရည်အပူခံ၍ ပြုစုပျိုးထောင်နိုင်သည်ဟု ဖော်ကျူးထားသလို မြတ်ဆရာ၏ အစိမ်းရောင်လက် သည် ဖယောင်းရည်၏ ပူလောင်မှုအား အေးမြသောခံစားမှု အဖြစ် ဖော်ကျူးထားပေသည်။ ထိုသည်ကိုပင် ဆရာ မောင်ဟန်ဝင်း(ထန်းတပင်)က “လောကကို ပညာဖြင့် အလှဆင်သူ၊ သောကကိုကရုဏာဖြင့်ဖြေဖျောက်သူ၊ အများအကျိုးကို ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူ ဆရာဟူ၏” ဟု ခံစားရေးဖွဲ့ခဲ့သည်။

အခမ်းအနားတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မိန့်ခွန်းများပြောကြားခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များ၏ ခေါင်းဆောင်များက စုပေါင်း ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားခြင်း၊ ဂုဏ်ပြုတေး များဖြင့် ဖျော်ဖြေခြင်း၊ ဂုဏ်ထူးဆောင်ဆရာများ၏ စွမ်းဆောင်ရည်များဖတ်ကြားကာ ဂုဏ်ပြုဆုများ ချီးမြှင့် ခြင်း၊ ထူးချွန်ဆရာများအား ရွေးချယ်ဂုဏ်ပြုခြင်း၊ ခွင့်ရက် မပျက် စွမ်းဆောင်ခဲ့ကြသည့် ဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆုပေးခြင်း၊ အထိမ်းအမှတ်စာစောင်များ၊ ပို့စကတ်များ ထုတ်ဝေခြင်း၊ ဆရာများအား ဂုဏ်ပြုသည့် တေးဂီတ၊ ရုပ်ရှင်၊ ဇာတ်ကားများ ထုတ်လွှင့်ပြသခြင်း စသည့်လှုပ်ရှား မှုများကိုပြုလုပ်၍ ဆရာများနေ့အား ဂုဏ်ပြုကြသည်။ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်မှာ ၂၀၁၉ ခုနှစ် ဆိုလျှင် ၁၇ နှစ်ရှိခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့ စတင် မကျင်းပသေးခင် ရှေးပဝေသဏီအခါကာလ ကတည်း ကပင် ဆရာများကို ပူဇော်သည့် အာစရိယပူဇော်ပွဲသည် မြန်မာ ဗုဒ္ဓဘာသာလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံပွဲ များအဖြစ် တည်ရှိနေသည်။

သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလများတွင် အများဆုံးကျင်းပပြုလုပ်ကြ သည်။ သီတင်းကျွတ်ကာလရောက်တိုင်း ရတနာသုံးပါးနှင့် မိဘ၊ ဆရာသမားများ၊ လူကြီးမိဘများကို ရှိခိုးကန်တော့ ကြမြဲ ဖြစ်သည်။ မြန်မာလူမျိုးများသည် မိမိအား ကိုယ်တိုင် သင်ကြားပြသပေးသည့် ဆရာများကိုသာမက မိမိ အတွက် ပညာတစ်စုံတစ်ခုပေးနိုင်သူတိုင်းအား သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများဟူ၍ ကျေးဇူးရှင်ဆရာများ အဖြစ် သတ်မှတ်၍ တန်ဖိုးထားအသိအမှတ်ပြုကန်တော့ ကြသည်။

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယရောက် တိုင်း ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဟူ၍ ဆရာကို အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ဘုရားနှင့်တစ်ဂိုဏ်းတည်း ထားကာ လေးစားတန်ဖိုးထား ပူဇော်ကန်တော့ကြသည့် အစဉ်အလာကောင်းများသည် ယနေ့ထိတိုင် တည်ရှိနေ ဆဲဖြစ်သည်။

ယနေ့အချိန်ကာလများတွင်လည်း မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များ၊ အခြေခံပညာကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဘာသာရပ်သင်ဌာနစသော နေရာဌာနအသီးသီး တို့တွင် တစ်ဦးတစ်ယောက်ချင်းဖြင့်လည်းကောင်း၊ အများ နှင့် စုပေါင်း၍လည်းကောင်း ကန်တော့ကြသည့် အာစရိယ ပူဇော်ပွဲများ၊ မြတ်ဆရာကန်တော့ပွဲများ နေရာအနှံ့ ကျင်းပ ဆောင်ရွက်နေကြသည်ကို ကြည်နူးပီတိဖြစ်ဖွယ် တွေ့မြင် နေရပါသည်။

၂၀၁၉ ခုနှစ်အတွက် “Young Teachers: The future of the Profession.” “လူငယ်ဆရာများ ခန့်ထားလို့ အနာဂတ်စွမ်းဆောင်ရည်မြှင့်တင်စို့” ဟူသော ဆောင်ပုဒ် ဖြင့် ကမ္ဘာ့ဆရာများနေ့ ဗဟိုအဆင့်အခမ်းအနားအား အောက်တိုဘာလ ၅ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန က နေပြည်တော်၌ စည်စည်ကားကား သိုက်သိုက် ဝန်းဝန်းဖြင့် ဦးဆောင်ကျင်းပပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လည်း ကျင်းပဆောင်ရွက် လျက်ရှိသည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် ပုံစံအမျိုးမျိုး ဖြင့် ကျင်းပဆောင်ရွက်နေကြပြီး ပဲရစ်မြို့ ယူနက်စကို ဌာနချုပ်၌လည်း အောက်တိုဘာလ ၇ ရက် တနင်္လာနေ့ တွင် UNICEF ၊ UNDP ၊ ILO ၊ Education International အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် အခမ်းအနား ကို ကျင်းပကာ သင်ကြားရေးအတွက် ကမ္ဘာတစ်ဝန်း၌ အထိမ်းအမှတ်ပွဲများကျင်းပ၍ အောင်မြင်မှုများအား ခြုံငုံသုံးသပ်ပြီး အတော်ဆုံးလူငယ်လူရွယ်များအား သင်ကြားရေး၊ ဆရာလုပ်ငန်းခွင်သို့ ရောက်ရှိရေးအတွက် အဓိကကျသော ဆွေးနွေးနှီးနှောမှုများကို ဆောင်ရွက် ကြမည်ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင် ပညာရေးစနစ်သည် ကြီးမား စွာသောအရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်။ နိုင်ငံတိုင်း ၏ ပညာရေးစနစ်များသည် အလျင်အမြန်တိုးတက် ပြောင်းလဲနေသော ကမ္ဘာကြီး၏ လူမှုစီးပွားရေးစိန်ခေါ် မှုအသစ်များကို တုံ့ပြန်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဆောင်ရွက်နေကြရသည်။ ထိုသို့ပြုပြင်ပြောင်း လဲဆောင်ရွက်ကြရာတွင် ဆရာများသည် ပညာရေးစနစ်၏ ဗဟိုချက်မများဖြစ်သည်။

မိမိတို့ကလေးများ၏ ပညာအရည်အသွေး တိုးတက် မြင့်မားရေးအတွက် အရေးအကြီးဆုံးအချက်ကို ပြောပြပါ ဟု မိဘများကိုမေးမြန်းကြည့်လျှင် “ဆရာကောင်းများ” ဖြစ်သည်ဟုသာ ဖြေဆိုကြပေမည်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ၂၁ ရာစု ပညာရေးစနစ်တွင် စိန်ခေါ်မှု များဖြစ်သည့် နည်းပညာ၊ အသိဉာဏ်တု၊ အလိုအလျောက် ဖြစ်စဉ်များကို ဆရာကောင်းများ၏ လမ်းညွှန်မှုဖြင့်သာ ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်သည်။ တစ်နေ့တွင် ထိုဆရာ ကောင်း၊ ဆရာမွန် ဆရာမြတ်တို့ အသက်အရွယ်ကြောင့် အနားယူသွားသောအခါ မြင့်မားသောပညာအရည် အသွေး စွမ်းဆောင်မှုများဖြင့် အရှိန်အဟုန်မပျက် ဆက်လက် ချီတက်နိုင်ရေးအတွက် ယခုကာလကတည်းက ထူးချွန်ထက်မြက်သော လူငယ်လူရွယ် ဆရာ ဆရာမများ ခန့်ထား ဆောင်ရွက်ရေးသည် အရေးကြီးသောအခန်းကဏ္ဍ တစ်ခု ဖြစ်ပေသည်။

ယနေ့ မြန်မာနိုင်ငံတွင်လည်း အရည်အသွေးရှိသော ပညာရေးစနစ်သို့ အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ တော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်များမှအစ နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့အစည်းများ၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိ သူများ၊ ပညာရေးဝန်ထမ်းများနှင့် မိဘပြည်သူများအထိ ပညာရေးကဏ္ဍ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးပေး ပါဝင်ဆောင်ရွက် နေကြသည်ကို ကြည်နူးဖွယ်ရာ တွေ့မြင်နေရသည်။ ပညာရေးဘတ်ဂျက်များကိုလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ၁၇၂၆ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၁၇၅၆ ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၁၇၅ ဘီလီယံ အထိ တိုးမြှင့်ဆောင်ရွက်ခဲ့သကဲ့သို့ ဆက်လက်၍ ထပ်မံ တိုးမြှင့် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့နေရသည်။

ဆရာကောင်းသည် ကျွန်ုပ်တို့ဘ၀၊ ကျွန်ုပ်တို့လောက ကြီး၏ လမ်းပြရှေ့ဆောင်များဖြစ်ကြသည်။ ယနေ့ မိမိတို့ ဘဝအတွက် အရေးပါခဲ့သော ဆရာတစ်ဦးအကြောင်း ခဏတာစဉ်းစားကြည့်လျှင် ဆရာကောင်းသည် မိမိတို့၏ ဘ၀နှင့်လောကအတွက် လွန်စွာအရေးကြီးကြောင်း သိသာထင်ရှားပေမည်။ အကယ်၍ မိမိဘဝလမ်းကြောင်း တွင် ထိုဆရာနှင့်မဆုံစည်းခဲ့လျှင် သို့မဟုတ် ထိုဆရာသည် စိတ်ဓာတ်ကျဆင်းပြီး ဆရာဘဝကို ကျောခိုင်းသွားခဲ့သဖြင့် မိမိနှင့်မဆုံတွေ့ဖြစ်ခဲ့လျှင် ယခုအချိန် မိမိဘ၀ မည်သည့် အခြေအနေတွင် ရောက်ရှိနေမည်ကို စဉ်းစားကြည့်စေချင် လှသည်။ လူတိုင်း ဆရာဖြစ်ချင်မှဖြစ်မည် သို့သော်လည်း လူတိုင်းသည် ဆရာများ၏တပည့်တော့ ဖြစ်ခဲ့ဖူးကြသည်။ ဆရာတစ်ယောက်တွင် တပည့်ပေါင်း ရာထောင်သောင်း မက ရှိကြသည်။ ဆရာကောင်းသည် ထိုတပည့်အပေါင်း တို့၏ ဘဝများကို လှပတင့်တယ်စေသည့် အနန္တကျေးဇူး ရှင်များ ဖြစ်ကြသည်။ တပည့်အပေါင်း၏ ရိုသေလေးစား စွာဖြင့် ရှိခိုးပူဇော်ခံထိုက်သူများလည်း ဖြစ်ပါသည်။

အချုပ်ဆိုရပါမူ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် ကမ္ဘာပေါ်၌ လူ့အဖွဲ့အစည်းအတွက် တာဝန်အကြီးမားဆုံးနှင့် အသိမ် မွေ့ဆုံးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသည့် ဆရာ ဆရာမများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဆရာ ဆရာမ အပေါင်းတို့အား လေးစားစွာဂါရ၀ပြု ကန်တော့ပါသည်။ ထိုဆရာများ၏ ဘဝကို တန်ဖိုးထားဂုဏ်ပြု၍ ကျေးဇူးတင် ပါကြောင်း ပြောကြားအပ်ပါသည်။ ။ မြန်မာ့အလင်း