ကျေးလက်ဒေသ လူမှုစီးပွားရေးဘဝမြင့်မားရေး ဝိုင်းကူဆောင်ရွက်ပေး

မေယုမျိုးအောင် (MANA)

ကျေးလက်နေပြည်သူများ၏ လူနေမှုစနစ်များမှာ မြို့ပြတွင်နေထိုင်သူများထက် နိမ့်ကျလျက်ရှိသည်ကို တွေ့ရသည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များရှိခြင်းကြောင့်သာ လူနေမှုစနစ်များ နိမ့်ကျနေခြင်းဖြစ်သည်။ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းများ လုပ်ကိုင်ကြသည်။ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝမှာ ယခင်ကထက် မြင့်မားတိုးတက်လာသည်ဆိုသော်လည်း မြို့ပြတွင်နေထိုင်သူများနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေကြောင်း တွေ့ရမည် ဖြစ်သည်။

 

ပညာတတ်များ လေ့ကျင့်မွေးထုတ်ပေးရန် ဆောင်ရွက်လျက်ရှိ

 

ကျေးလက်ဒေသများ ဖွံ့ဖြိုးလာရေးတွင် ပညာသည် အခြေခံအကျဆုံးဖြစ်သည်။ ပညာတတ်မှ မိမိ ဒေသ ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ ပညာ တတ်မြောက်မှုအခြေအနေသည် မြို့ပြထက်နည်းပါး နေသည်ကို တွေ့ရသည်။ မြန်မာ့ပညာရေးတွင် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့်သာ တတ်မြောက်ကြသည်။ လူနည်းစုသည် အထက်တန်းနှင့် အဆင့်မြင့်ပညာ တတ်မြောက်ကြပြီး များသောအားဖြင့် မြို့ပေါ်တွင် နေထိုင်ကြသည်။ အလယ်တန်းပညာအောက်သာ တတ်မြောက်မှုများ သည့် ကျေးလက်ဒေသများနှင့် တိုင်းနှင့် ပြည်နယ် များအား ပညာရေးမြှင့်တင်ပေးနိုင်ရန်အတွက် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်။ စီးပွားရေးကို အထောက်အကူပြုသည့် ပညာတတ်များဖြစ်လာ အောင် လေ့ကျင့်မွေးထုတ်ပေးရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပြီး ပထမအဆင့်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုတွဲဖွင့်သည့် အထက်တန်း ကျောင်းပေါင်း ၅၀ ဖွင့်လှစ်နိုင်ရန် လျာထားစီစဉ် နေပြီဖြစ်ကြောင်း သိရသည်။

 

လူသားအရင်းအမြစ်များကို ဖန်တီးပေးမည့်အပြင် ကုန်ထုတ်လုပ်ငန်းများအတွက် အင်အားစုများ၊ အထောက်အပံ့များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပုဂ္ဂလိကကဏ္ဍမှလည်း တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင် အနာဂတ်ကာလတွင် ကျေးလက်လူမှုစီးပွား မြင့်မား တိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံကျသော လူမှုနယ်ပယ်သည် ကျေးလက် ဒေသဖြစ်သည့်အလျောက် ကျေးလက်ဒေသနေ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နှင့် မြို့ပြများတစ်ပြေးညီ တိုးတက်အောင် လုပ်ဆောင် ကြရမည်ဖြစ်သည်။ ကျေးလက်ဒေသများ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေး၊ သောက်သုံးရေ ဖူလုံစွာရရှိရေး ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း မြင့်မားရေး၊ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးနှင့် ကျေးလက်ဒေသ စီးပွားဖွံ့ဖြိုးတိုးတက်ရေးများကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချ ရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ သားငါးထုတ်လုပ်မှုနှင့် ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ အသေးစားပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးဟူသော လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည်။ကျေးလက်ဒေသ ဖွံ့ဖြိုးလာရေးတွင် ပညာရေးသည် အခြေခံအကျဆုံးဖြစ်သည်။ ပညာတတ်များ ပေါကြွယ်လာ မှသာ မိမိဒေသဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်နိုင် မည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင် ရှိပြီး ပထမအဆင့်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုတွဲဖွင့်သည့် အထက်တန်းကျောင်းပေါင်း ၅၀ ဖွင့်လှစ်နိုင်ရန် လျာထားစီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် အဆိုပါကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် လိုအပ်သောဆရာများအား သက်ဆိုင်ရာတက္ကသိုလ်၊ သိပ္ပံကျောင်းဆင်းများကို ရွေးချယ်လျက်ရှိပြီး အကူဆရာများအနေဖြင့် သက်ဆိုင်ရာဌာနများမှ တွဲဖက်သင်ကြားပေးမည် ဖြစ်သည်။

 

ပို့ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

 

စီးပွားရေးမူဝါဒပြောင်းလဲမှု သို့မဟုတ် ဈေးကွက်စီးပွားရေးစနစ် ဖြစ်တည်မှုသည် နိုင်ငံ၏ နိုင်ငံရေးပုံစံပြောင်းလဲမှုနှင့် ထက်ကြပ်မကွာ လိုက်ပါပြောင်းလဲနိုင်မှသာ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘဝများကို ပုံဖော်ပေးနိုင်မည်ဖြစ် သည်။ နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာ စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆယ်စုနှစ်ကာလ ကြာမြင့်နိုင်မည်ဖြစ်သော်လည်းလက်ငင်း လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက် ကြရသည်။ နိုင်ငံတစ်နိုင်ငံသည် မည်သည့်အခြေ အနေရှိသည်ဖြစ်စေ စီးပွားရေးကောင်းမွန်မှသာ အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည် ဖြစ်၍ စီးပွားရေးကို အဓိကတွန်းအားပေးဆောင်ရွက် ကြသည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ အဘက်ဘက်တွင် စိန်ခေါ်မှုများ များစွာရှိသော်လည်း နိုင်ငံတော်နှင့် ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန်အတွက် စီးပွားရေးကို အစွမ်းကုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် ထိန်းသိမ်းကြပ်မတ်မှုများကို ဆောင်ရွက်ခြင်း များနှင့်အတူ ပုဂ္ဂလိကပို့ကုန်လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိ သည်။ ပြည်တွင်းစီးပွားရေး တိုးတက်လာစေရန် အားပေးဆောင်ရွက်ခြင်းနှင့် ပြည်ပသို့ ကုန်ကြမ်းများ တင်ပို့ခြင်းထက် ကုန်ချောများ တင်ပို့နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။

 

ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေ စေရေးအတွက် မရှိမဖြစ်လိုအပ်သည်မှာ လျှပ်စစ်ဓာတ်အား ရရှိရေးဖြစ်သည်။ မြို့ပြများ၌ လူမှုဘဝ နေထိုင်မှုနှင့် လုပ်ငန်းကိုင်ငန်း အကျိုးစီးပွားများအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေး သည် အရေးကြီးသည်။ အစိုးရကနည်းလမ်း အမျိုးမျိုးဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူလူထုနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုးတက်သုံးစွဲလာသော ဓာတ်အားများအား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လူ့ဘဝအသက် ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပကတိ ဆင်းရဲမွဲတေမှုကို တိုင်းတာရန် အဓိကနည်းလမ်းများ အနက် တစ်ရပ်ဖြစ်သည်။ ယင်းချဉ်းကပ်ပုံသည် ရေရှည်ရုပ်ပိုင်းဆိုင်ရာ ဖူလုံမှုအတွက် အနိမ့်ဆုံး လိုအပ်သည့် ရင်းမြစ်များကို သတ်မှတ်ရန် ကြိုးပမ်း ခြင်းဖြစ်ပြီး ကုန်ပစ္စည်းများ သုံးစွဲမှုဖြင့် တိုင်းတာလေ့ရှိသည်။ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းကို ယင်းလိုအပ်ချက်များ ပြည့်ဝနိုင်ရန် လိုအပ်သည့် ဝင်ငွေပမာဏဖြင့် သတ်မှတ်သည်။ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် စီးပွားရေးမူဝါဒများကိုကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

 

စီးပွားရေးကြီးထွားမှုကို တွန်းအားပေးခြင်းသည် လူ့အဖွဲ့အစည်းအတွင်း စုစုပေါင်းဝင်ငွေကို တိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ကာ ပြန်လည်ခွဲဝေပေးနိုင်သော ဝင်ငွေကို ဖြစ်ပေါ်စေသည်။ စီးပွားရေးကြီးထွားမှုသည် ဆင်းရဲမွဲတေမှုအဆင့်များကို လျှော့ချရန်အတွက် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။ အလုပ်လက်မဲ့ ဖြစ်နေသူများကို အသက်မွေးမှုသင်တန်းများ အခမဲ့ ပေးခြင်းကဲ့သို့သော မူဝါဒများ ချမှတ်ခြင်းသည် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချရန် အထောက်အကူ ပြုသည်။ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုသည် ပထဝီအနေအထားနှင့်လည်း သက်ဆိုင်တတ်သည်။ ဆင်းရဲမွဲတေမှုမျိုးကို လျှော့ချနိုင်ရန် အစိုးရအနေဖြင့် မဖွံ့ဖြိုးသောဒေသများကို ဦးစားပေးလျက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရမည်ဖြစ်သည်။ အခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးရန်အတွက် စီးပွားရေးအရထည့်ဝင်မှုများလည်း ပြုလုပ်သင့်သည်။

 

ဝင်ငွေမြင့်မားသည့်အဆင့်များကို ပိုမိုမြင့်မား သည့် ဝင်ငွေခွန်ကောက်ခံရမည်ဖြစ်သည်။ ယင်းအခွန်ငွေများဖြင့် လူမှုဖူလုံရေးအကျိုးအမြတ်များ ပိုမိုပေးနိုင်သောကြောင့် ဆင်းရဲသူများ၏ ဝင်ငွေများ တိုးတက်စေရန် အထောက်အကူပြုနိုင်သည်။ ဝင်ငွေနည်းပါးသောသူများအား လူမှုဖူလုံရေးအကျိုး အမြတ်များ မြှင့်တင်ပေးရမည်ဖြစ်သည်။ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ ဝင်ငွေနည်းပါးသူများအတွက် အကျိုးအမြတ်များ မြှင့်တင် ပေးခြင်းသည် ဆင်းရဲမွဲတေမှု လျှော့ချရေး၌ အထောက်အကူပြုသည်။ အစိုးရအနေဖြင့် နိုင်ငံတော်၏ အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ကို တတ်နိုင်သမျှ မြှင့်တင်ပေးရမည်ဖြစ်သည်။ ဝင်ငွေ နည်းပါးသူများ၏ ဝင်ငွေကို မြှင့်တင်ပေးရန် ထိရောက်သော နည်းလမ်းတစ်ရပ်ဖြစ်ပြီး လုပ်ခ မညီမျှမှုကို လျှော့ချပေးနိုင်သည်။ အခမဲ့ထောက်ပံ့ ပေးသည့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ဖြစ်သည်။ ဝင်ငွေနည်းပါးသော မိသားစုဝင်များကို အခမဲ့ပညာရေးပေးခြင်းဖြင့် ကျွမ်းကျင်မှုနှင့် အရည်အသွေးများတိုးတက်စေပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော အလုပ်နှင့် ဝင်ငွေကို ရရှိစေမည်ဖြစ်သည်။

 

မှန်ကန်သော စီးပွားရေးမူဝါဒများ ချမှတ်နိုင်မှုအပေါ် မူတည်

 

စိုက်ပျိုးရေးမှသည် ကုန်ထုတ်လုပ်ရေးအထိ အမျိုးအစားစုံလင်သော စီးပွားရေးကဏ္ဍများရှိရန် လိုသည်။ ယင်းကဲ့သို့ ရှိခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုကြီးထွားလာနိုင်စေသော်လည်း သင့်လျော်သည့် ကျွမ်းကျင်မှုများနှင့် အခြေခံအဆောက်အအုံများမရှိဘဲ ပြုလုပ်နိုင်ရန် ခက်ခဲသည်။ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရန်မှာ မှန်ကန်သော စီးပွားရေးမူဝါဒများ ချမှတ်နိုင်မှုအပေါ် မူတည်နေသည်။

 

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာအောင် အဘက်ဘက်တွင် လစ်ဟာမှု မရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်သူ အားလုံးက ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။