ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အရေးကြီးသော အခြေခံအဆောက်အအုံ ကျေးလက်လမ်းများ

ခန့်ဇော်(ကျေးလက်)

ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သော ကျေးလက်လမ်း/ တံတား၊ ကျေးလက် ရေပေးရေး၊ ကျေးလက်မီးလင်းရေးစသည့် လူမှုရေးနှင့်သက်ဆိုင်သော ပညာရေးနှင့်ကျန်းမာရေး အခြေခံအဆောက်အအုံများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် မရှိမဖြစ် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အကျိုးပြုလျက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သကဲ့သို့ ဆင်းရဲမှုလျှော့ချရေး အတွက်လည်း လိုအပ်ပါသည်။ လမ်းပန်းဆက်သွယ် ရေးကောင်းလျှင် “ကျွဲကူးရေပါ” ဆိုသလို ကုန်စည် ပို့ဆောင်ရေး၊ ခရီးသွားလာရေးတို့အတွက် အချိန်ကုန် ငွေကုန်သက်သာသည့်အပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး သယ်ယူပို့ဆောင်စရိတ်ကိုပါ လျှော့ချနိုင်မည်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ပညာရေး၊ ကျန်းမာရေး၊ မီးလင်းရေးနှင့် ရေပေးရေးလုပ်ငန်းများ ဆက်တိုက်လိုက်ပါ ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုနှင့်တစ်ခု၊ ခရိုင် တစ်ခုနှင့်တစ်ခု၊ မြို့တစ်မြို့နှင့်တစ်မြို့၊ ကျေးရွာ တစ်ရွာနှင့်တစ်ရွာ၊ ကျေးရွာမှ မြို့ပြသို့ လွယ်ကူချောမွေ့စွာ ကူးလူး ဆက်သွယ်သွားလာနိုင်ရေးသည် အလွန်အရေးကြီးပြီး ကျေးလက်နေပြည်သူများ၏ နေ့စဉ်နေထိုင်မှု ဘဝစီးပွားရေး၊ လူမှုရေးကိစ္စအဝဝကို များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။
ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာကို ၂၀၁၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် သက်ဆိုင်သူများ ပါဝင်ရေးဆွဲခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာကိုလည်း သက်ဆိုင်သူများအားလုံး ပါဝင်ရေးဆွဲခဲ့ကာ ၂၀၁၆ ခုနှစ်တွင် Zero Draft စထွက် ခဲ့သည်။ သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးများအလိုက် အကြံပြုချက်များ ကျယ်ကျယ်ပြန့်ပြန့်ရယူခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် Final Draft ပြီးစီးထုတ်ပြန်အတည်ပြုခဲ့သည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ၏ ရည်ရွယ်ချက်

ကျေးလက်လမ်း ဖွံ့ဖြိုးရေးမဟာဗျူဟာ ရေးဆွဲရခြင်း၏ ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင် နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်း ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန်ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၁၀၀၀ နှင့်အထက် ကျေးရွာများအားလုံး၊ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၅၀၀ နှင့်အထက် ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၂၅၀ နှင့်အထက် ကျေးရွာများအားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာ ၅၀ ရာခိုင်နှုန်းတွင် ရာသီမရွေး သွားလာနိုင်သောလမ်းများဖြစ်ရန် ရည်ရွယ်ခဲ့ပြီး ရည်မှန်းချက်ပြည့်မြောက်မှု ရှိ/မရှိ၊ အကောင်အထည်ဖော်နိုင်မှု ရှိ/မရှိ ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ မဟာဗျူဟာအရ ၂၀၁၇ ခုနှစ်မှ ၂၀၃၀ပြည့်နှစ်အထိ ၁၄ နှစ်စာဖြစ်၍ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း Midterm Review လုပ်ပြီး ဆန်းစစ်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။

လမ်းကွန်ရက်စနစ် (Core Rural Road Network-CRRN)

လတ်တလောဦးစားပေးအစီအစဉ်အရ ကျေးရွာတစ်ရွာအတွက် အခြားကျေးရွာတစ်ရွာရွာသို့ ဆက်သွယ်နိုင်မည့် လမ်းကွန်ရက် နှစ်ခုထက်ပို၍ ရှိနိုင်သော်လည်း ပိုမိုကောင်းမွန်သည့် လမ်းကွန်ရက် တစ်ခုကိုသာ ဦးစားပေးဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ဦးစားပေးရွေးချယ်သတ်မှတ်ခြင်း

(က) အကျိုးပြုမှု- အကျိုးပြုကျေးရွာပေါင်း၊ အကျိုးပြုလူဦးရေ၊ အကျိုးပြုစိုက်ပျိုရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ၊

( ခ )    သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊

( ဂ )    နေ့စဉ် ယာဉ်သွားလာမှု၊

(ဃ)    ဆင်းရဲမှုနှုန်း၊

( င ) လူမှုရေးဆိုင်ရာ  စာသင်ကျောင်း၊ ဆေးပေးခန်းများ ချိတ်ဆက်ဆက်သွယ် အကျိုးပြုမှု၊ Accessibility/ Travel time၊

( စ ) အိမ်ထောင်စုတစ်စုအပေါ် ရင်းနှီးမြှုပ်နှံမှု (Investment Per-Household)

(ဆ) လမ်းဖောက်လုပ်မှုကြောင့်  နေရာရွှေ့ပြောင်းချထားရန် လိုအပ်မှု ရှိ/မရှိ စသည့်အချက်များအပေါ် အခြေခံ၍ အကျိုးပြုမှုအများဆုံး၊ ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုမရှိသော အချက်များအပေါ် အခြေခံ၍ ဦးစားပေးရွေးချယ် သတ်မှတ်ရန် ကျေးလက်လမ်းဖွံ့ဖြိုး ရေးမဟာဗျူဟာတွင် ချမှတ်ထားပါသည်။

မဟာဗျူဟာကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့ရာ ခြောက်နှစ်ကျော်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းများရှိသကဲ့သို့ မဆောင်ရွက်နိုင်သေးသည်များလည်း ရှိသည်။ အဓိက ကျေးရွာချင်းဆက်လမ်းကွန်ရက် သတ်မှတ်ချက်အရ ကျေးရွာတစ်ရွာ လမ်းကွန်ရက်တစ်ခု ဆောင်ရွက်ရန်ဖြစ်သော်လည်း တွေ့ရှိချက် များအရ အချို့ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းကွန်ရက် နှစ်ခု၊ သုံးခုခန့် ဆောင်ရွက်ပေးထားပြီး တံတားတည်ဆောက်ရေးအနေဖြင့် နာရီဝက်၊ မိနစ် ၂၀ အတွင်း ဆက်သွယ်သွားလာနိုင်သည့် လမ်း/ တံတားရှိသော်လည်း နောက်ထပ် တံတားတစ်စင်း တည်ဆောက်ပေးထားခြင်းများ လည်းရှိသည်။ လမ်းကွန်ရက်များလေ ကောင်းလေဖြစ်သော်လည်း ရန်ပုံငွေကန့်သတ်ချက်အရ လမ်းလုံးဝမရှိ၊ မြေသားလမ်းတစ်လမ်းတောင် အသင့်အတင့် အခြေအနေမရှိသည့် ဝေးလံဒေသ၊ မြို့နှင့် မလှမ်းမကမ်းဒေသများတွင် လိုအပ်လျက် ရိစာလမ်းအဆင့်ပင် မဆောင်ရွက်ပေးနိုင်သေးခြင်းများ တွေ့ရှိနေရပါသည်။ CRRN သတ်မှတ်ချက်အတိုင်း လုပ်နိုင်လျှင် ပိုကောင်းမည်ဖြစ်သည်။ တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ မဟာ ဗျူဟာအရ ဦးစားပေးအစီအစဉ်အတိုင်း၊ CRRN သတ်မှတ်ချက်အတိုင်း ဆောင်ရွက်သင့်သည်မို့ မဟာဗျူဟာအကောင်အထည်ဖော်မှုကို ဝန်ကြီးဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မဖြစ်မနေ ပြန်လည်သုံးသပ်ရန်လိုအပ်ပြီး ပြုပြင် ဆောင်ရွက်သင့်သည်များကို ဖော်ထုတ်ဆောင်ရွက် သွားသင့်ပါသည်။

ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ

ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာ ရေးဆွဲခဲ့ပြီးမှ ဆက်စပ်အနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာ၊ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး မဟာဗျူဟာနှင့် ကျေးလက်မီးလင်းရေးစီမံကိန်း များကို ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာအား ပင်မကျောရိုး အဂ္ဂမဟာဗျူဟာအဖြစ် ထားရှိရေးဆွဲခဲ့၊ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာ (၅)ချက်မှာ-

(က) ဦးစားပေးရွေးချယ်ခြင်း မဟာဗျူဟာ (Targeting & Prioritization)၊

( ခ ) ထပ်ပေါင်းထပ်ပွားမဟာဗျူဟာ (Synergy & Multiply Impact)၊

( ဂ ) စဉ်ဆက်မပြတ်ရန်ပုံငွေရရှိရေး မဟာ ဗျူဟာ (Sustainable Financing)၊

(ဃ) ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မဟာဗျူဟာ(Effective Collaboration)နှင့်

( င ) ကောင်းမွန်သောစီမံခန့်ခွဲမှုမဟာဗျူဟာ

(Good Governance) တို့ဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာကို အကောင်အထည်ဖော်ရာမှ ထပ်ပေါင်းထပ်ပွားဗျူဟာ၊ စဉ်ဆက်မပြတ် ရန်ပုံငွေရရှိရေးမဟာဗျူဟာ၊ ထိရောက်စွာပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ၊ ကောင်းမွန်သောစီမံခန့်ခွဲမှု မဟာဗျူဟာတို့နှင့် ပြန်လည်ချိန်ညှိဆန်းစစ်ရန် လိုအပ်ပါသည်။ ရန်ပုံငွေ၊ သဘာဝဘေး၊ ပြည်သူပါဝင်မှု၊ အရင်းအမြစ်၊ အချိန်စသည့် အကန့်အသတ်များ ရှိနေသည့်အတွက် မဟာဗျူဟာရည်မှန်းချက်ကိုပြည့်မီရန် စဉ်းစားဆောင်ရွက် စီမံရမည်ဖြစ်သည့်အတွက် ပြည်သူလူထုကိုယ်တိုင် တည်ဆောက်ရေးနှင့် ထိန်းသိမ်းရေးတွင် ပါဝင်လာအောင်၊ လုပ်အား၊ ငွေအားပါဝင်အောင်၊ ဌာနဆိုင်ရာအချင်းချင်း၊ ပုဂ္ဂလိကများ၊ ကျေးရွာများနှင့် ထိထိရောက်ရောက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါသည်။ ကောင်းမွန်သောစီမံခန့်ခွဲမှုအတွက် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စည်းမျဉ်း စည်းကမ်း လိုက်နာမှု၊ အင်ဂျင်နီယာကျင့်ဝတ်လိုက်နာမှု၊ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မှုစသည့် သိရှိလိုက်နာ ကျင့်ကြံရန်ကိစ္စများကို စီမံကိန်းရေးဆွဲ ခြင်း၊ ဘတ်ဂျက်လျာထားခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်းလုပ်ငန်းစဉ်အားလုံးတွင် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မဟာ ဗျူဟာအတိုင်းဆောင်ရွက်မှု ရှိ/ မရှိ၊ CRRN သတ်မှတ်ချက်အတိုင်းဆောင်ရွက်မှု ရှိ/ မရှိ၊ အရည် အသွေးကောင်းမွန်ရန်တို့အတွက် စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ကြီးကြပ်မှု ရှိ/မရှိတို့ကို စီမံခန့်ခွဲရာတွင် ကောင်းမွန်စွာစီမံခန့်ခွဲမှုရှိစေရေး လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။

အကျိုးကျေးဇူးများ

ကျေးလက်လမ်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်လမ်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေးလုပ်ငန်းများကို ပိုမိုကောင်းမွန် ပြည့်စုံကြီးမားသောဈေးကွက်များနှင့် ချိတ်ဆက်ပေးနိုင်လာရာ ကုန်သွယ်မှုမြှင့်တင် ပေးပြီး စီးပွားရေးကိုပါ မြှင့်တင်နိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဈေးကွက်လက်လှမ်းမီမှုသည် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ပြီး စိုက်ပျိုး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြု နိုင်သည့်နည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်သာမက ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ တိုက်ရိုက်နှင့် သွယ်ဝိုက် အဓိကအကျိုးကျေးဇူးများနှင့် Multiplier Effects မှာ-

( ၁ ) ပြည်သူလူထု ချိတ်ဆက်မှု (Connect Communities)

ဝေးလံဒေသအပါအဝင် သီးခြားစီ ရှိနေသောကျေးရွာများသို့ လမ်းများဖောက်လုပ် ဆက်သွယ်ပေးခြင်းဖြင့် ရပ်ရွာများပေါင်းစည်းမှုနှင့် စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေမည်ဖြစ်သည်။

( ၂ ) စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု (Agricultural Growth)

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ ထိရောက်လျင်မြန်၊ အချိန်ကုန်သက်သာစွာဖြင့် ပို့ဆောင်နိုင်စေပြီး လယ်ယာကုန်ထုတ်စွမ်းအား တိုးမြှင့်ပေးနိုင်မည့်အပြင် မိသားစုဝင်ငွေကိုပါ တိုးပွားစေမည်ဖြစ်ပါသည်။ ထို့ပြင် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်များ (SDGs- Sustainable Development Goals) အနက်မှ SDG2:“စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး ရည်မှန်းချက်ကို ပြည့်မီစေရန် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည်ဖြစ်သည်။

( ၃ ) အလုပ်အကိုင်အခွင့်အလမ်း (Employment Opportunities)

လမ်း၊ တံတားများ ဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတွင် ရင်းနှီးမြှုပ်နှံ ခြင်းကြောင့် ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး စီးပွားရေးအခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်မည့်အပြင် အလုပ်လက်မဲ့ ဖြစ်ခြင်းကို လျှော့ချပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် SDG–8: “အလုပ်အကိုင် အခွင့်အလမ်းများတိုးပွားရေး”ရည်မှန်းချက်ကို ပြည့်မီစေရန် အထောက်အကူပြုစေမည်ဖြစ်သည်။

( ၄ ) ပညာရေးလက်လှမ်းမီမှု (Education Access)

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် ကျောင်းများတက်ရောက်ခွင့်၊ ဝင်ရောက်ခွင့်များ လွယ်ကူစွာရရှိစေပြီး ပညာရေးဆိုင်ရာအတားအဆီးများကို လျှော့ချပေးနိုင်မည်ဖြစ်၍ ကျေးလက် နေပြည်သူများ၏ အသိပညာနှင့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးနိုင်မည် ဖြစ်သည့်အပြင် SDG–4 “လူတိုင်း ပညာရည်မြင့်မားရေး” ရည်မှန်းချက်ကို ပြည့်မီစေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်သည်။

( ၅ )    ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်မှု (Health Care Access)

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ ရောက်ရှိစေနိုင်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုနှင့် ဆေးဝါး အကူအညီများကို အချိန်မီဆောင်ရွက်ပေးနိုင်ပြီး ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် SDG–3 “လူတိုင်းစေ့ကျန်းမာရေးနှင့် သာယာဝပြောရေး” ရည်မှန်းချက်ကို ပြည့်မီစေရန်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည် ဖြစ်သည်။

( ၆ )    ဈေးကွက်ချိတ်ဆက်ပေးနိုင်မှု (Market Access)

ကျေးလက်လမ်းများမှတစ်ဆင့် ကျေးရွာများ၏ထုတ်ကုန်များကို ပိုမိုကောင်းမွန် သောဈေးကွက်သို့ လျင်မြန်စွာ ချိတ်ဆက်ပေးပို့နိုင်ပြီး ကုန်သွယ်မှုမြှင့်တင်ခြင်းနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ဆက်စပ် အကျိုးကျေးဇူးအနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ် စေသည့်အတွက် SDG–2: “စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေးရည်မှန်း ချက်ကိုပြည့်မီစေရန်လည်း သွယ်ဝိုက်၍ အထောက်အကူပြုစေမည်ဖြစ်သည်။

( ၇ )    ဆင်းရဲမှုလျှော့ချရေး (Poverty Reduction)

ဆက်စပ် အကျိုးကျေးဇူးအနေဖြင့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်သည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ပြီး လူနေမှုဘဝမြှင့်တင် ပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည်ဖြစ်သကဲ့သို့ SDG-1: “နေရာအနှံ့ ဆင်းရဲမှုအဆုံးသတ်ရေး” ရည်မှန်းချက်ကို  ပြည့်မီစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ပြောင်းလဲစဉ်းစားသင့်သည်များ

၂၀၃၀ ပြည့်နှစ်တွင် ရာသီမရွေးသွားလာနိုင် သောကျေးလက်လမ်းများ ဖောက်လုပ်ပြီးစီးရေး အတွက် မဟာဗျူဟာမြောက်ချဉ်းကပ်မှု မရှိမဖြစ် လိုအပ်သည်ဖြစ်ရာ တီထွင်ဆန်းသစ်သော အတွေးအခေါ်၊ လုပ်နည်းလုပ်ဟန်များကို သမားရိုးကျ ဘောင်အတွင်းမှ ဖောက်ထွက်စဉ်းစား၍ နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်သင့်ပါသည်။

( က)    ရင်းနှီးမြှုပ်နှံမှု (Investment)

လမ်း၊ တံတားများ၊ ဆက်စပ်လုပ်ငန်းများ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းတို့အတွက် လုံလောက် သောရန်ပုံငွေရရှိရန်နှင့် စနစ်တကျ ခွဲဝေ သုံးစွဲရန် လိုအပ်ပါသည်။ နိုင်ငံတော် ဘဏ္ဍာငွေတစ်ခုတည်းဖြင့် မလုံလောက်သည့်အတွက် ရန်ပုံငွေရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရ မည်ဖြစ်သည်။ 

( ခ )    စီမံကိန်းရေးဆွဲခြင်း (Planning) 

ဒေသအလိုက်၊ မြို့နယ်အလိုက် တိကျသောလိုအပ်ချက်များနှင့် ပထဝီဝင် အနေအထားတို့ကို ထည့်သွင်းစဉ်းစားပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်း၊ နည်းပညာအပါအဝင် ဦးစားပေးအစီအစဉ်၊ CRRN သတ်မှတ်ချက်တို့နှင့်အညီ စီမံကိန်း၊ စီမံချက်များရေးဆွဲသင့်ပါသည်။ ကဏ္ဍနှင့်ဒေသချိတ်ဆက်မှု၊ ညှိနှိုင်းမှု၊ ကဏ္ဍအချင်းချင်း ပေါင်းစပ် ဆောင်ရွက်မှုများ ကောင်းမွန်ရန်လိုအပ် ပါသည်။ 

( ဂ )    ကျေးလက်ပြည်သူပူးပေါင်းပါဝင်မှု (Collaboration Rural People)

စီမံကိန်းများသည် ကျေးလက်ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် မြေနေရာရရှိမှုနှင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများအား ပူးပေါင်းပါဝင်ခွင့် ပေးအပ်သင့်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)