ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မြှင့်တင်ခြင်းစီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

 

နေပြည်တော် စက်တင်ဘာ ၂၀

 

ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မြှင့်တင်ခြင်းစီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် CESVI Myanmar အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် CESVI Myanmar အဖွဲ့ Country Director Mr. Paolo Felice တို့က နားလည်မှုစာချွန်လွှာကို အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြသည်။

 

စီမံကိန်းကာလ သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၀၁၂၄ သန်းဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ရှိ မြို့နယ် (၁၂) မြို့နယ်တို့တွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော အသက်မွေးဝမ်းကျောင်းစနစ်များ ပံ့ပိုးပေးခြင်း၊ ဘေးကင်းလုံခြုံသော စိုက်ပျိုးရေး ထုတ်ကုန်များကို ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ ရပ်ရွာအဆင့် လူထုကိုယ်တိုင်ပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေး စီမံချက်များ ရေးဆွဲနိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ သက်ဆိုင်ရာဦးစီးဌာနများမှ တိုးချဲ့ပညာပေး ဝန်ထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ယင်းစီမံကိန်းမှ ကျေးလက်ဒေသရှိ အိမ်ထောင်စု ၅၀၀၀ ၏ ထုတ်လုပ်မှုတန်ဖိုးမြှင့် ကွင်းဆက်စနစ် ပိုမိုတိုးတက် ကောင်းမွန်လာစေခြင်း၊ အပူပိုင်းဒေသရှိ ကျေးရွာ (၃၅၀) မှ ဒေသခံအစုအဖွဲ့များ၏ လူမှုစီးပွားဘဝ မြင့်မားလာခြင်းနှင့် လူထုတိုးချဲ့ပညာပေးရေး လုပ်ငန်းများတွင် အောင်မြင်မှုရရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်