ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး

ပွင့်ဖြူ စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊  ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာအုပ်စု၊ ချောင်းဆုံ - လက်ယက်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း အသင်းသားများကို သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။  

ထိုသို့ စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေမာအောင်က ချေးငွေများ ပြန်လည်ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိသည့် အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် ငွေစာရင်းဇယားများ စနစ်တကျပြုစု၍ ထိန်းသိမ်းထားရှိရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ချောင်းဆုံ - လက်ယက်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၁၄၈ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသားဦးရေ ၁၅၈ ဦးအား သတ္တမနှစ်စက်ဝန်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၄၈ ဒသမ ၉ သန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)