ကြွေလွင့် ကေပေါ့ပ် အဆိုတော် JONGHYUN အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တေးသံရှင်များက ဂီတလှုပ်ရှားမှုများ ရက်ရွှေ့ဆိုင်း

၂၂ ဒီဇင်ဘာ

 

လွန်ခဲ့တဲ့ တနင်္လာနေ့က ကြွေလွင့်ခဲ့ရတဲ့ ကေပေါ့ပ် အဆိုတော် Jonghyun အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ များစွာသော အခြား ကေပေါ့ပ် အနုပညာရှင်တွေက သူတို့ရဲ့ အနုပညာ လုပ်ငန်းတွေကို ရက်ရွှေ့ဆိုင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

 

နာမည်ကြီး ကေပေါ့ပ် အဖွဲ့တွေ ဖြစ်တဲ့ EXO၊ Twice အဖွဲ့တွေဟာ သူတို့ရဲ့ တေးသီချင်း ဗီဒီယိုထွက်ရှိဖို့ လုပ်ဆောင်မှုတွေကို ခေတ္တရပ်နားခဲ့ကြတာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားနဲ့ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ EXO ဟာ သူတို့ရဲ့ ဆောင်းဦးရာသီအတွက် အထူးအယ်လ်ဘမ်သစ် ထွက်ရှိမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး အဲဒီသတင်းကို အက်စ်အမ်အင်န်တာတိန်းမန့်ကနေ EXO ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တာ ဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ သတင်းတွေအရ သိရပါတယ်။

 

ဒါ့အပြင် မိန်းကလေး ကေပေါ့ပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Twice ဟာလည်း သူတို့ရဲ့ တေးသီချင်း ဗီဒီယိုသစ်ဖြစ်တဲ့ Merry & Happy ကို ကြာသပတေးနေ့မှာ ထွက်ရှိဖို့ စီစဉ်ထားပေမယ့်လည်း Jonghyun ရဲ့ ဇာပန အခမ်းအနားနဲ့ တိုက်ဆိုင်နေတာကြောင့် ရက်ရွှေ့ဆိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

 

အလားတူ အခြားသော ကေပေါ့ပ် တေးသံရှင်တွေဟာလည်း ဂီတဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်နားထားခဲ့ကြတယ်လို့ သိရပါတယ်။

 

အသက် (၂၇) နှစ်ရှိပြီဖြစ်ပြီး အမျိုးသား ကေပေါ့ပ်အဖွဲ့ Shinee ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jonghyun ကို ဒီဇင်ဘာ ၁၈ ရက်က ဆိုးလ်မြို့ရှိ တိုက်ခန်း တစ်ခန်းထဲမှာ သတိလစ်နေတာကို တွေ့ရှိခဲ့ရတာဖြစ်ပြီး သူ့ရဲ့သေတမ်းစာထဲမှာ သူဟာ စိတ်ကျရောဂါ ခံစားနေရတယ်လို့ ပါရှိကြောင်း Jonghyun ရဲ့ သူငယ်ချင်းက သူ့ရဲ့ အင်စတာဂရမ်မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

 

ကေပေါ့ပ်အဖွဲ့ ၂ ဖွဲ့က အဆိုတော် တစ်ဦးဖြစ်တဲ့ Jonghyun ဟာ သက်ရှိထင်ရှား ရှိစဉ်တုန်းက တေးရေး၊ တေးဆို အလုပ်တွေအပြင် ရေဒီယို အစီအစဉ်မှူးနဲ့ စာရေးခြင်းတို့ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။

 

ဖြိုး(MDN)