တွေ့ဆုံမေးမြန်း
ညိမ်းသူ(သတင်းစဉ်)
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့သည် မြန်မာ့ရုပ်ရှင်လောကသားတို့အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်သည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကာပါလမ်းတွင်ရှိသော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ရုပ်ရှင်လောကမှ အနုပညာရှင်များ ပန်းဥယျာဉ်ကြီးအတွင်း ပန်းပေါင်းစုံပွင့်လန်းသည့်ပမာ ဝေဝေဆာဆာဖြင့် စုရုံးရောက်ရှိလျက်ရှိသည်။ တစ်ချိန်က အာရှတွင် မြန်မာ့ရုပ်ရှင်သည် နာမည်တစ်ခုဖြင့် အဆင့်မီမီရပ်တည်ခဲ့သည်။ ထိုသို့ရပ်တည်နိုင်ရန် မြန်မာ့ရုပ်ရှင်ကို ရုပ်ရှင်ချစ်ပြည်သူများ၏ အားပေးမှုနှင့်အတူ မြန်မာ့ရုပ်ရှင်ဖခင်ဒါရိုက်တာကြီးများက ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
ထို့နည်းတူ ရုပ်ရှင်သရုပ်ဆောင်များသည်လည်း မြန်မာ့ရုပ်ရှင်ကို ခံ့ညားထည်ဝါစေလိုသော ရုပ်ရှင် ဖခင် ဒါရိုက်တာကြီးများ၏ လက်ထပ်သင်ကြားပေးမှု ဖြင့် ခေတ်အဆက်ဆက် အောင်မြင်မှုရရှိခဲ့ကြပြီး အချို့မှာ ယနေ့တိုင် သက်ရှိထင်ရှား ကျန်ရှိလျက်ရှိ ကာ ဆက်လက်၍လည်း မြန်မာ့ရုပ်ရှင်၏ သမိုင်းပေး တာဝန်ကို ထမ်းဆောင်နေကြလျက်ရှိသည်။ အသက် ၇၀ ကျော်၊ ၈၀ ကျော်အထိ ရုပ်ရှင်ကို အသက်နှင့် ထပ်တူချစ်မြတ်နိုးပြီး ရုပ်ရှင်လုပ်ငန်းဖြင့် တိုင်းပြည် နှင့်လူမျိုးကို အလုပ်အကျွေးပြုလျက်ရှိသည်။
ယနေ့တွင် အနုပညာစွမ်းရည်ပြည့်ဝသော အနုပညာရှင်နှစ်ဦးအား နိုင်ငံတော်မှ ရုပ်ရှင် တစ်သက်တာဆုကို ထိုက်ထိုက်တန်တန် ပေးအပ် ချီးမြှင့်သော အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုသူတို့ကို အသက် ၄၀၊ ၅၀ ကျော် ရုပ်ရှင်ချစ်ပြည်သူ များ ပိုမိုသိရှိကြမည်ဖြစ်သည်။ အကယ်ဒမီ ခုနစ်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသားကြီး ဦးညွန့်ဝင်းနှင့် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင်တို့ပင် ဖြစ်ပေ သည်။ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်မှာ ရုပ်ရှင် လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နိုင် လျက်ရှိသော်လည်း အကယ်ဒမီဆုများရှင် သရုပ်ဆောင် ဦးညွန့်ဝင်းမှာ အသက်(၈၀)တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ရုပ်ရှင်ကြည့်ပရိသတ်တို့၏နှလုံးသားကို ညှို့ယူဖမ်းနိုင်စားခဲ့သည့် ရုပ်ရှင် မင်းသားကြီး နှစ်ဦးအတွက် ရုပ်ရှင်တစ်သက်တာ ဆုပေးပွဲမှ တာဝန်ရှိသူတို့၏ လွမ်းမောဖွယ်ပီတိစကား သံတို့ကို ယခုလို ဖော်ပြလိုက်ရပါသည်။
ဦးကြည်စိုးထွန်း
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
ရုပ်ရှင်တစ်သက်တာဆု ပေးအပ်ပွဲမှာ နှစ်ဦးကို ပေးသွားတာပါ။ အရင်သုံးနှစ်ကတည်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့က တစ်သက်တာ ဆုအဖြစ် လျာထားခဲ့တဲ့သူတွေပါ။ ရုပ်ရှင်အကယ်ဒမီဆု မပေးနိုင်ခင်မှာ အချို့လည်း အသက်ရပြီး ဆုံးပါး သွားသူတွေလည်းရှိတာကြောင့် အခုလိုပေးတာပါ။ ရုပ်ရှင်တစ်သက်တာဆုအတွက် လျာထားတာက အသက် ၈၀ ရှိရမယ်။ ရုပ်ရှင်လုပ်သက်နှစ် ၅၀ ရှိရ မယ်။ နိုင်ငံတော်ကပေးတဲ့ ဆုတစ်ဆုရရှိထားပြီး ရုပ်ရှင်လောကသားတွေအကျိုးကို ဆောင်ရွက်သူ၊ ကြည်ညိုသူလည်း ဖြစ်ရမယ်ဆိုတဲ့ အချက်ငါးချက်နဲ့ ပြည့်စုံသူကို ပေးတာပါ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနဲ့ ရုပ်ရှင်လောကသားတွေက ပထမဆုံး ဦးတင်ယုကို ဆုပေးခဲ့တယ်။ အဘ ဗိုလ်ကလေး တင့်အောင်နဲ့ ဒေါ်မြင့်မြင့်ခင်တို့ကို နိုင်ငံတော်က ဆုချီးမြှင့်ခဲ့တယ်။ အခုပုဂ္ဂိုလ်နှစ်ဦးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရွေးချယ်ပေးကာ နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ ရုပ်ရှင်တစ်သက်တာဆုကို ချီးမြှင့်တာပါ။ ဆုအနေနဲ့ ရွှေငါးကျပ်သားပါတဲ့ အကယ်ဒမီရွှေစင်ရုပ်တုကို ပေးအပ်တာပါ။
ရုပ်ရှင်မင်းသားကြီး ဦးညွန့်ဝင်း အခုရှိမယ်ဆိုရင် (၈၃)နှစ်ရှိပါပြီ။ သူ့အသက်(၈၀)မှာ ကွယ်လွန်သွားခဲ့ တယ်။ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်က အသက် (၈၇)နှစ်ရှိပြီ။ သူကတော့ မာမာချာချာပါပဲ။ အခု အသက်အရွယ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှာ တာဝန်ထမ်းဆောင်ဆဲပါပဲ။ တကယ်လို့သာ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးခဲ့ရင် ဦးညွန့်ဝင်း လည်း မီတယ်။ မပေးခဲ့နိုင်ဘူး။ ဦးအောင်လွင်လည်း အသက်ကြီးနေပြီဆိုတော့ ရှိနေချိန်မှာပေးချင်တယ်။ နိုင်ငံတော်ကလည်းကူညီတယ်၊ ကျွန်တော်တို့က လည်း ကြိုးစားတယ်ဆိုတော့ အဆင်ပြေသွားတဲ့ အတွက် အားရဝမ်းသာဖြစ်ရပါတယ်။ မိသားစုတွေက နိုင်ငံခြားရောက်နေပြီး ဦးညွန့်ဝင်းဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ နာယကလုပ်ခဲ့တယ်ဆိုတော့ တစ်သက်တာဆုကို ကိုယ်စားအနေနဲ့ နာယက အဖွဲ့ဝင်တစ်ဦးက ယူပေးပါတယ်။ ပြည်သူတို့ရဲ့ နှလုံးသားမှာရှိနေတဲ့ ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့အတွက် အခုလို ရုပ်ရှင်တစ်သက်တာဆုပေးအပ်မှုကို ကျွန်တော်နဲ့ထပ်တူ ရုပ်ရှင်ချစ်ပြည်သူများလည်း ထပ်တူဝမ်းသာပီတိ ဖြစ်နေကြမယ်လို့ ယုံကြည်ပါ တယ်။
ဦးနှင်းမိုး
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက)
ဦးညွန့်ဝင်းဆိုတာ အနုပညာလောကမှာ ကြိုးစားပမ်းစားနဲ့ သရုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အကယ်ဒမီစပြီးယူတဲ့အချိန်ကစပြီး အကယ်ဒမီရှစ်ခု ရရမယ်ဆိုပြီး နေရာရှစ်နေရာမှာ လုပ်ဆောင်ထားတဲ့ သူပါ။ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်ကောင်းမွန်တဲ့ သူပါ။ ပြီးတော့ ရည်မှန်းချက်ပြည့်အောင်လည်း ကြိုးစားခဲ့တယ်။ အကယ်ဒမီ ခုနစ်ဆုရရှိချိန်မှာ ဆုံးပါးသွားတာကြောင့် သူ့ရဲ့ဆန္ဒမပြည့်ခဲ့ဘူးလို့ ဆိုရပေမယ့် ရုပ်ရှင်တစ်သက်တာဆု ရရှိခဲ့တာကြောင့် သူရည်မှန်းထားတဲ့ အကယ်ဒမီဆု ရှစ်ဆု ပြည့်သွားတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ သူရှိစဉ်က တစ်သက်တာဆုရမယ်ဆိုတာ သတင်းစကားပါးခဲ့ဖူး တာရှိတယ်။ မကွယ်လွန်ခင်မှာ ဆုရှစ်ဆု ရမယ် ဆိုတာ သိရှိသွားတာကြောင့် သူ့အတွက်ကောင်းသွား ပါတယ်။ ဦးညွန့်ဝင်းကိုယ်စား ဆုယူပေးရတဲ့အတွက် ဝမ်းသာဝမ်းနည်းလည်း ဖြစ်ရပါတယ်။ ဝမ်းသာ တာက သူရည်မှန်းထားတဲ့ ဆုရှစ်ဆုရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပြည့်သွားလို့ပါ။ ဝမ်းနည်းတာက တကယ် ဆုရှစ်ဆုပြည့်တဲ့အချိန်မှာ သူကိုယ်တိုင် မရှိခဲ့လို့ပါ။
ရုပ်ရှင်တစ်သက်တာဆုဆိုတာ ရခဲပါတယ်။ သူ့မှာစည်းကမ်းချက်တွေရှိနေလို့ပါ။ ဒီလိုအချက်တွေ ပြည့်စုံတဲ့သူ ရှားရှားပါးပါးထွက်လာတာပါ။ ရှိတော့ ရှိမယ်ရှားတယ်၊ အဲဒီရှားတဲ့အထဲကမှ ရွေးရတာပါ။ ဦးညွန့်ဝင်းမိသားစုဟာ နိုင်ငံခြားမှာ ဆေးသွားကု နေတာကြောင့် ရုပ်ရှင်အစည်းအရုံးအနေနဲ့ တစ်သက် တာဆုကို မိသားစုထံ လွှဲပြောင်းပေးအပ်သွားမှာပါ။
ဦးအောင်လွင်
(ရုပ်ရှင်တစ်သက်တာဆုရှင်)
၁၉၂၀ ပြည့်နှစ်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ် ၁၀၀ ပြည့်တဲ့အတွက် ကျွန်တော်တို့တစ်တွေ များစွာပြင်ဆင်ထားခဲ့တယ်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အကယ်ဒမီ ထူးထူး ခြားခြားပေးနိုင်အောင် ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို အပင်ပန်းခံပြီး ကြည့်ခဲ့ပါတယ်။ အလွှာအသီးသီးက အကဲဖြတ်တွေရဲ့ သုံးသပ်ချက် တွေကို ချိပ်ပိတ်သိမ်းထားခဲ့တယ်။ ၂၀၂၀ ပြည့်ရင် နှစ် ၁၀၀ ပွဲတော်နဲ့အတူ ပြဇာတ်တွေကမယ်၊ တေးသရုပ်ဖော်အတွက် အသံတွေသွင်းကြတယ်၊ အကယ်ဒမီတွေလည်း ပေးမယ်၊ ပြီးတော့ ဦးညွန့်ဝင်း နဲ့ ဦးအောင်လွင်ကိုလည်း ရုပ်ရှင်တစ်သက်တာဆု ပေးမယ်ဆိုပြီး အမှုဆောင်အဖွဲ့ကလည်းဆုံးဖြတ်ထား တယ်။ သို့သော်လည်း ၂၀၂၀ မှာ ကိုဗစ်ကပ်ရောဂါကြီး ဖြစ်လာတယ်ဆိုတော့ ဘာမှမလုပ်နိုင်ဘူးဖြစ်သွား တယ်။ ပြီးတော့ ကျွန်တော်နဲ့အတူ ဆုရရင်ပျော်မှာ ပဲလို့ပြောခဲ့တဲ့ ဦးညွန့်ဝင်းလည်း ကွယ်လွန်သွားခဲ့ တယ်။ ကျွန်တော်လည်း မနက်ဖြန်၊ သဘက်ခါဆိုရင် ၈၇ နှစ်ပြည့်ပါပြီ။
ကျွန်တော်ဇာတ်ကားပေါင်း ၁၀၀ နီးပါး ရိုက်ခဲ့ တယ်။ ဦးညွန့်ဝင်းက ဇာတ်ကားပေါင်း ၂၁၆ ကား ရိုက်ခဲ့တာ။ မြန်မာပြည်ရဲ့ နေရာဒေသအသီးသီးမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ခဲ့တယ်။ ပွေလီဝေလင်း ဆိုရင် မွန်ပြည်နယ်၊ ကလောအလွန်ဆိုရင် ရှမ်းပြည် တောင်ပိုင်း၊ ကျောက်မဲအကျဉ်းသားဆိုရင် ရှမ်းပြည် မြောက်ပိုင်း၊ နေခြည်ဖြာဆိုရင် ကချင်ပြည်နယ်၊ တိမ်လွှာမို့မို့လွင့်နဲ့ မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍ ဆိုရင် ရခိုင်ပြည်နယ် စတဲ့ ဇာတ်ကားပေါင်းများစွာ ပင်ပန်းစွာရိုက်ခဲ့ပါတယ်။ နည်းပညာနဲ့ စက်ပစ္စည်း အားနည်းတဲ့အတွက် အားလုံးဝိုင်းဝန်း လက်တွဲ ပူးပေါင်းမှုရဲ့ စွမ်းအားနဲ့ ဖြတ်ကျော်ခဲ့ရတာပါ။ ပြည်သူတွေမရောက်ဖူးတဲ့ ဒေသတွေကို ကျွန်တော့် မျက်စိကတစ်ဆင့် မြင်တွေ့စေလိုတဲ့ဆန္ဒနဲ့ ကြိုးစား ခဲ့တာပါ။
ဦးညွန့်ဝင်းနဲ့အမှတ်တရဆိုရင် သူနေကောင်း စဉ်မှာ ခင်ဗျားနဲ့ကျွန်တော် ဆုတက်ယူရမှာဗျလို့ ပြောခဲ့တဲ့ပုံရိပ်ကို စိတ်ထဲ အမှတ်တရရှိပြီး စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ သူကိုယ်တိုင် လည်း ယူစေချင်တာပေါ့လေ။ ဦးညွန့်ဝင်းနဲ့ အချစ်ကြွေးကို သွေးနဲ့ဆပ်မယ်ဇာတ်ကားနဲ့ အခြား ရုံမတင်ခဲ့ရတဲ့ ဇာတ်ကားနှစ်ကားလည်း တွဲဖူးတယ်။ ၁၉၇၄ ခုနှစ်မှာ နော်ကူးမဇာတ်ကားနဲ့ ကျွန်တော် အကယ်ဒမီရတယ်။ အကယ်ဒမီဆုကို ရွှေတိဂုံဘုရား မှာ လှူခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အသက်(၂၃)နှစ် ကစပြီး ရုပ်ရှင်ကို နည်းပေါင်းစုံနဲ့ ဖြတ်သန်းခဲ့တာ ကြောင့် ယနေ့လိုချီးမြှင့်တဲ့ ရုပ်ရှင်တစ်သက်တာ ဆုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေအနေနဲ့ ကျွန်တော် ဆုရရှိမှုအပေါ် ဝမ်းသာကြောင်းကို နားလည်ပေးလိမ့် မယ်လို့ထင်ပါတယ်။
မြင်စိုင်းသားအောင်အောင်
(ရုပ်ရှင်သရုပ်ဆောင်)
ရုပ်ရှင်တစ်သက်တာဆိုတာ ရှားရှားပါးပါးပါပဲ။ သူတို့နှစ်ဦးအခုလိုဆုရရှိတာ အင်မတန် ဝမ်းသာ ဂုဏ်ယူတယ်။ ကိုညွန့်ဝင်းနဲ့တွဲခဲ့တဲ့ ဇာတ်ကား များစွာရှိတယ်။ မှတ်မှတ်ရရပြောရရင် ဒူးမထောက် လက်မမြှောက် ဇာတ်ကားပါ။ သားအဖသုံးယောက် မှာ သူကနှစ်ကိုယ်ခွဲ ကျွန်တော်နဲ့ သရုပ်ဆောင်ထား တယ်။ ဇာတ်ကြမ်းဖြစ်တဲ့အတွက် ပရိသတ်တွေ အထူးအားပေးခဲ့တယ်။ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် လုပ်ဆောင်နိုင်ခွင့်ရမယ်ဆိုရင် ဒီထက်ပိုပြီး တိုးတက်သွားမယ်ထင်တယ်။ ရုပ်ရှင်လောကသား တွေမှာ ကိုယ်စီကိုယ်စီ အနုပညာစွမ်းရည်တွေရှိကြ တယ်လေ။ ထုတ်ဖော်ပြသဖို့ရှိကြပါတယ်။
ဦးညွန့်ဝင်းရေးသားခဲ့သောစာအုပ်မှ
အမှတ်တရစကား
သရုပ်ဆောင်ကောင်းတစ်ယောက်ဟာ တစ်ချိန် တည်းမှာ အနည်းဆုံး အဆင့်သုံးဆင့်ကို ပိုင်ဆိုင်နိုင် ရမယ်။ ကိုယ်ပြောရမယ့်စကား၊ ကိုယ့်စိတ်ဆန္ဒ၊ ကိုယ့်ပရိသတ်။
ကျွန်တော်တို့ဟာ ပရိသတ်ရဲ့ဝန်ထမ်းတွေပါ၊ အစေခံတွေပါ။
အခုတက်လာတဲ့ သရုပ်ဆောင်တွေကို ကျွန်တော်တို့ခေတ်က လုပ်ခဲ့သလို လုပ်ကြည့်ခိုင်းရင် သူတို့အတွက် ခက်ခဲလိမ့်မယ်။
သရုပ်ဆောင်တွေ လုပ်ငန်းခွင်မှာ အလုပ်ထဲမှာ ပျော်နေအောင် စိတ်လက်ပေါ့ပါးနေအောင် ဘယ်လို တွေ လိုမလဲဆိုတာ အဓိကပဲ။
တစ်ခါတလေ ကျွန်တော်စဉ်းစားမိတယ်၊ ဝေဖန်ရေးသမားတွေကို ဇာတ်တိုက်နေတုန်း လာလေ့လာစေချင်တယ်။
စဉ်းစဉ်းစားစား ရိုးရိုးသားသား ဂရုတစိုက် ဝေဖန်ကူညီကြပါလို့၊ ကျွန်တော်ကတော့ ဘယ်ပြန် ညာပြန်၊ အဖူးအရောင်တွေရော၊ အမြှောက်အပင့် အထုအထောင်းတွေရော စုံနေအောင်ခံခဲ့ရပြီးပြီ၊ ရယ်လည်းရယ်ခဲ့ရတယ်၊ ငိုလည်းငိုခဲ့ရတယ်။ ထူပူ ပေါက်ကွဲရပြီးပြီ။
ကျွန်တော်လေးစားရတဲ့ ဆရာသမားကြီးတွေ၊ ဝါသနာတူကြတဲ့ သရုပ်ဆောင် သူငယ်ချင်းတွေ၊ ကျွန်တော့်ကို နှစ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေပါမကျန် ဦးထိပ်ထားပြီး ကျွန်တော် ဂါရဝများစွာဖြင့် အသက်(၈၀)ပြည့်မှာ အမှတ်တရ မေတ္တာရောင်ပြန်လိုက်ပါတယ်။