ကေတုမတီပညာတန်ဆောင် (သို့မဟုတ်) ဆရာတော်ဦးလက္ခဏ

သောင်းကေတု

 

အင်္ဂလိပ်ကိုလိုနီခေတ်က တောင်ငူမြို့၏ ထင်ရှားသော ဆရာတော်ဦးလက္ခဏသည် ဆရာဖြစ်သင်ကျောင်း(Normal School) ကို ဖွင့်လှစ်၍ မြန်မာအမျိုးသားတို့အား ပညာအလင်းရောင်ပေးခဲ့သည်။ ဆရာတော်၏ကျောင်းကို "မြန်မာပြည် ဗုဒ္ဓဘာသာနော်မံကျောင်း" (Burma Buddhist Normal School) ဟု ခေါ်သည်။

 

၈

 

၂၀ ရာစုအစပိုင်းတွင် မြန်မာလူမျိုးများအကြား၌ အမျိုး သားစိတ်ဓာတ်များ နိုးကြားလာပြီး သူ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရန် ပညာရေး၊  နိုင်ငံရေးလှုပ်ရှားမှုများ  စတင်ပေါ်ပေါက် လာသည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ခဲ့ကြပြီး ဗဟန်းကြားတောရလမ်းတွင် အမျိုးသား ကောလိပ်ဖွင့်ခဲ့ကြသည်။ အမြို့ မြို့အနယ်နယ်တွင် အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့ကြသည်။ တောင်ငူမြို့တွင်လည်း  ရွှေဆံတော်မြောက်ဘက်မုခ်ရှိ ဆရာတော်ဦးသုမနကျောင်းတွင် အမျိုးသားကျောင်း ဖွင့်လှစ်ခဲ့သည်။ အမျိုးသားကျောင်းများမှ  နောက်ပိုင်းတွင် ရန်ပုံငွေမလုံလောက်မှုကြောင့် အခက်အခဲကြုံ တွေ့လာရသည်။ အချို့ကျောင်းများမှာ အစိုးရထံမှ အထောက်အပံ့ကိုယူပြီး  ဆက်လက်ဖွင့်လှစ်ခဲ့ကြသည်။ သင်ကြားမည့် ဆရာအခက်အခဲနှင့်လည်း ကြုံတွေ့ရသည်။ ထိုအခက်အခဲကို ဖြေရှင်းမည့် ဆရာအတတ်သင်ကျောင်းတစ်ကျောင်း ၁၉၃၀  ပတ်ဝန်းကျင်တွင် တောင်ငူမြို့၌ ပေါ်ထွန်းလာခဲ့သည်။ မြန်မာပြည် ဗုဒ္ဓဘာသာနော်မံကျောင်း (B.B.N.S) ကျောင်း ဟုခေါ် ပြီး  တည်ထောင်သူမှာ ဆရာတော် ဦးလက္ခဏ ဖြစ်ပါသည်။

 

ဆရာတော်ဦးလက္ခဏ၏ ထေရုပ္ပတ္တိအကျဉ်း

 

ဆရာတော်ကို ပဲခူးတိုင်း ရွှေတောင်မြို့၌ အဖ ဦးဖိုးလူ၊ အမိ ဒေါ်ဘော်ဖြူတို့က    ၁၈၉၃ ခုနှစ်တွင် ဖွားမြင်သည်။ သားအကြီးဆုံးဖြစ်ပြီး နှမ မတင်၊ ညီ ဖိုးကျော်ဒွန်း စုစုပေါင်း သုံးဦးရှိပါသည်။ ၁၉၂၀ ပြည့်လွန်နှစ်များတွင် တောင်ငူမြို့သို့  ပြောင်းရွှေ့လာပြီး ကျုံးအနောက်ဘက် ကောင်းမှုတော်ဘုရား လမ်းမြောက်ဘက်ရှိ ရွှေဟင်္သာကျောင်းတွင် သီတင်းသုံးပါသည်။ ထို့နောက် လေးကျွန်းကန်တော်ကြီးအရှေ့ဘက်ရှိ ကန်တော်ကျောင်းတွင် ကျောင်းထိုင်ဆရာတော် လစ်လပ်သွား သဖြင့် ကျောင်းဒါယကာ၏ ပင့်ဖိတ်ချက်အရ ကြွရောက်သီတင်းသုံးသည်။    ရောက်ခါစတွင် ပစ္စည်းလေးပါးချို့တဲ့သဖြင့် အုတ်တွင်းမှ ကပ္ပိယကြီးတစ်ဦး၏ အကူအညီဖြင့် သီတင်းသုံးရသည်။ ဆရာတော်သည် ဇွဲကြီးသူဖြစ်ပြီး မိမိရည်မှန်းချက် အကောင်အထည်ပေါ်အောင် မဖြစ်မနေကြိုးစား၏။ ဆရာတော် သည် အသားဖြူဖြူ၊  ပုပုပျပ်ပျပ်ဖြစ်ပြီး ကွမ်းအလွန်ကြိုက်သည်။  ဆရာတော်မှာ Higher Grade ဆရာဖြစ်လက်မှတ်ရ  စာမေးပွဲ အောင်မြင်ပြီးဖြစ်၍ ဤဆရာဖြစ်သင်ကျောင်းကို ဖွင့်လှစ်စီမံ အုပ်ချုပ်နိုင်ခြင်းဖြစ်ပါသည်။ ၁၉၃၀-၁၉၄၂ အတွင်း   နော်မံကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ဒုတိယက္ဘာစစ်ဖြစ်ပွားသော ၁၉၄၂  ခုနှစ်တွင်  တောင်ငူမြို့အနောက်ဘက် ဘုရားနှစ်ဆူရွာသို့ စစ်ပြေးရင်း ပါးစောင်ကင်ဆာရောဂါဖြင့် သက်တော် ၅၀ အရွယ်တွင် ပျံလွန်တော်မူပါသည်။ 

 

တောင်ငူမြို့ ရခိုင်စုရပ်၏ အရှေ့ဘက် နန်းတော်ဟောင်း လမ်းနှင့် လမ်းမတော်လမ်းထောင့်တွင် ကွင်းကျယ်ကြီးတစ်ခု ရှိ၏။ ၁၉၃၀ ပြည့်လွန်နှစ်များက ဤကွင်းကြီးမှာ ယခုထက် နှစ်ဆခန့်ကျယ်သည်။ မြောက်ဘက်နေပူကုန်းရွာစပ်မှ အနောက်ဘက်အတွင်း ကျုံး၊ ရခိုင်စုအရှေ့ဘက်အစပ်ထိ ကျယ်သည်။ ထိုအခါက ဦးလက္ခဏကွင်းဟုခေါ်သည်။ ကွင်းနှင့် မျက်နှာချင်းဆိုင် လမ်းတောင်ဘက်တွင် မြန်မာပြည် ဗုဒ္ဓဘာသာနော်မံကျောင်း နှစ်ထပ်အုတ်တိုက်အဆောက်အအုံ ရှိသည်။ မိန်းကလေးဆရာဖြစ်သင်တန်းကို ကန်တော်ကြီးရှေ့ လမ်းမတော်လမ်းနှင့်  မိုးသောက်ကြွယ်ဘုရားလမ်းထောင့်ရှိ နှစ်ထပ်တိုက် အဆောက်အအုံတွင် ဖွင့်လှစ်သည်။ နောက်ပိုင်းတွင် ကျောင်းသားဦးရေများပြားလာ၍ ကန်တော်ကျောင်းတွင် ယောကျာ်းလေးဘော်ဒါဆောင်နှင့် စာသင်ဆောင်များ၊ ကန်တော်ကျောင်း အရှေ့ဘက်ရှိ ပွတ်စုကျောင်းတွင် ကျား/မ  စာသင်ဆောင်များ၊ ဘောလုံးကွင်းရှေ့ B.B.N.S ကျောင်းတွင်  နှစ်ထပ်စာသင်ဆောင်၊ မီးဖိုဆောင်၊ ထမင်းစားခန်းများ တိုးချဲ့ဆောက်လုပ်ရသည်။

 

နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီဘောလုံးကွင်းထဲတွင် ကျောင်းသား ကျောင်းသူအားလုံး ကာယလေ့ကျင့်ခန်းလုပ်ရသည်။ ကျောင်းသား ကျောင်းသူအားလုံး ဘောင်းဘီအတိုအဖြူ၊ အင်္ကျီလက်တိုအဖြူ၊ ကင်းပတ်ဖိနပ်အဖြူဝတ်ရသည်။ ကိုးတန်းအောင်လျှင်  အလယ်တန်းဆရာဖြစ်သင်တန်းဝင်ခွင့်ရသည်။ ၁၀ တန်းအောင်လျှင် အထက်တန်းဆရာဖြစ်သင်တန်း ဝင်ခွင့်ရသည်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်သည်။ ဆရာတော်သည် သင်ရိုးညွှန်းတမ်းကို ကိုယ်တိုင်ရေးဆွဲသည်။ အဆင့် သုံးဆင့် ခွဲခြားထားသည်။ (၁) မူလတန်းဆရာဖြစ် (၅) တန်းအောင်လျှင် ဝင်ခွင့်ရသည်။)၊ (၂) အလယ်တန်းဆရာဖြစ်၊ (၃) အထက်တန်းဆရာဖြစ် ကျောင်းလခ  မပေးရပါ။ ကျောင်းသားဦးရေ တစ်နှစ်ထက်တစ်နှစ် များပြားလာသည်။ ထိုအထဲတွင် ၁၉၄၂ အထိ ဆရာဖြစ်စာမေးပွဲဖြေဆိုသူပေါင်း  ၈၁၀ (ကျား-၇၀၁၊ မ-၁၀၉) ရှိပါသည်။ ထိုအထဲတွင် သံဃာတော် ၄၃ ပါး ပါဝင်သည်။ ၁၉၃၄ ခုနှစ်မှစ၍ အလယ်တန်းဆရာဖြစ်၊ အထက်တန်းဆရာဖြစ်ဟု ခွဲခြားထားပါသည်။  နောက်ဆုံးနှစ်ဖြစ်သော ၁၉၄၁-၄၂ တွင် ဖြေဆိုသူ ၁၂၅ ဦးရှိသည်။  ဆရာတော်၏ ကျောင်းသည် စည်းကမ်းကောင်းပြီး ဂုဏ်သတင်းကျော်ကြားသဖြင့် တစ်နိုင်ငံလုံးမှ လာရောက်သင်ကြားကြသည်။  ကျောင်းသားများ၏ နေရပ်လိပ်စာကို လေ့လာကြည့်သောအခါ မြစ်ဝကျွန်းပေါ်ဒေသမှ ပုသိမ်၊ ကံကြီးထောင့်၊ ဒေးဒရဲ၊ အိမ်မဲ၊ ဝါးခယ်မ၊ ကျုံပျော်၊ ရေကြည်၊ ဇလွန်၊ ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ လှိုင်းဘုန်း၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်ပိ၊ မြင်းကကုန်း၊ ပန်းတနော်၊ ငပုတော။

 

ပဲခူးတိုင်းမှ ပြည်၊ ပေါင်းတည်၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ လက်ပံတန်း၊ နတ်တလင်း၊ ပန်းတောင်း၊ ထုံးဘို၊ မင်းလှ၊ အုတ်ဖို၊ အုတ်တွင်း၊ ညောင်လေးပင်၊ ဖြူး၊ ပိန်းဇလုတ်၊ ကျောက်ကြီး၊ ရွှေကျင်၊ ကျွဲပွဲ၊ ဝေါ၊ ဆွာ၊ မြို့လှ၊ တောင်ငူ၊ ကဝ၊ ပဲခူး စသည့် မြို့များ။ စစ်ကိုင်းတိုင်းမှ စစ်ကိုင်း၊ မုံရွာ၊ မြင်းမူ၊ ကျွန်းလှ၊ ရေဦး၊  ရွှေဘို၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေး၊ ခင်ဦး၊ ကောလင်း၊ ပုလဲ၊ ဝက်လက် စသည့်မြို့များ။ မန္တလေးတိုင်းမှ မန္တလေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊  မိတ္ထီလာ၊ တောင်သာ၊ မြင်းခြံ၊ ဆီမီးခုံ၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ လယ်ဝေး၊ သာစည် စသည့်မြို့များ။ မကွေးတိုင်းမှ မကွေး၊ တောင်တွင်းကြီး၊ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ စကု၊ သရက်၊ အောင်လံ၊ ကမ္မ၊ ထီးလင်း၊ ဂန့်ဂေါ။ ကြီးနီ၊ ဘီလူးကျွန်း၊ ပေါင်၊ ကျိုက်ထို၊ ဘားအံ၊ ကမမောင်း၊ လှိုင်းဘွဲ၊ လိပ်သို၊ သံတောင်၊  ကျိုင်းတုံ၊ လွိုင်ကော်၊ ဖယ်ခုံ စသည့်မြို့နယ်များမှ လာရောက်သင်ကြားကြသည်။ ကရင် တိုင်းရင်းသား ၃၄  ဦးပါဝင်သည်ကို  ထူးခြားစွာတွေ့ရသည်။

 

လိပ်စာများကို လေ့လာခြင်းအားဖြင့် ထိုခေတ်ကထင်ရှားသော ဘုန်းတော်ကြီးသင်ကျောင်း၊ လူပုဂ္ဂိုလ်ကျောင်းများ၏ အမည်များကို တွေ့ရသည်။  ဘုန်းတော်ကြီးကျောင်းများမှာ (၁) ဦးလာဘအထက်တန်းကျောင်း (ဆီ မီးခုံ)၊ (၄) ဦးစိတ္တရ အထက်တန်းကျောင်း (လှိုင်းဘုန်း၊ မော်လမြိုင်ကျွန်း)၊ (၅) ဦးဇဝန ရေဝေအထက်တန်းကျောင်း (စစ်ကိုင်း)၊ (၈) ဦးကေသရ အထက်တန်း ကျောင်း  (တောင်ဘို့လှ၊ ပေါင်းတည်)၊ (၉) ဦးသောဘိတ အထက်တန်းကျောင်း (နတ်မောက်)၊ (၁၀) ဦးသုဒဿနအထက် တန်းကျောင်း (ဘုံကျော်၊ မ္တလေး)၊ (၁၁) ဦးပညာဂုဏ်တန်ကျောင်း (ပျဉ်းမနား)၊ (၁၂) ဦးသာဂရ  အလယ်တန်းကျောင်း (တောင်သာ) တို့ ဖြစ်ကြသည်။ လူပုဂ္ဂိုလ် ကျောင်းများတွင် (၁) ဦးအောင်ငြိမ်း မြန်မာ့ဂုဏ်ရည်ဆောင်ကျောင်း (ပျဉ်းမနား)၊ (၂) ဦးကြွယ်အထက်တန်းကျောင်း (ကျိုက်ပိ)၊ (၅) ဦးရွှေမြိုင်ကျောင်း (ဒိုက်ဦး)၊ (၆) ဦးဘကျော်ကျောင်း (ဘန် ဘောင်၊ ဖြူး)၊ (၇) ဦးဘအုန်းကျောင်း (သာစည်ရပ်၊ မုံရွာ)၊ (၈) ဦးလွန်းမောင် ကျောင်း (ဘိုကလေး) တို့ဖြစ်ကြပါသည်။ မြူနီစီပယ်ဘုတ်အဖွဲ့ပိုင်ကျောင်းများမှာ (၁) မြစ်သား၊ (၂) အထက်မင်းလှ၊ (၃) ကျောက်တံခါး၊  (၄) ပန်းတနော်၊ (၅) ပြည်၊ (၆) ဂန့်ဂေါ၊ (၇) ထန်းတပင်၊ (၈) အလုံတို့  ဖြစ်ကြသည်။ အငယ်ဆုံးကျောင်းသားမှာ အသက် ၁၇ နှစ်ဖြစ်ပြီး အကြီးဆုံးကျောင်းသားမှာ အသက် ၄၂ နှစ်ဖြစ်သည်ကို တွေ့ရသည်။

 

ဆရာတော်သည် တောင်ငူမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် လခလွတ်မူလတန်းကျောင်းများ ဖွင့်လှစ်ခဲ့သည်။ ကျေးရွာများတွင် မြေကွက်ဝယ်ပြီး ကျောင်းဆောက်လုပ်သည်။ ဆရာတော်သည် အုပ်ချုပ်ရေးပိုင်းနှင့် အဆင်ပြေပြီး  ဩဇာတိက္ကမကြီးသည်။ ဆရာတော်၏ ကျောင်းဆင်း ဆရာ ဆရာမများကို ထိုကျောင်းများတွင် ခန့်အပ်ပြီး လစာကို မြူနီစီပယ်ဘုတ်အဖွဲ့မှ ပေးသည်။    ဆရာတော်ဖွင့်လှစ်ခဲ့သော ကျောင်းများမှာ (၁) ကသည်းစု၊ (၂) ခုနစ်မိုင်၊ (၃) ပိတောက် ကုန်း၊ (၄) ဘဲဘူး၊ (၅) စပါးကြွယ်၊ (၆) ကင်းဆိပ်၊ (၇) ရေပုပ် ကုန်း၊ (၈) ခပေါင်း၊ (၉) အလယ်ကျွန်း၊ (၁၀) အုတ်ကြွတ်တန်း၊ (၁၁)တိုက်တန်း၊ (၁၂) ကန်တော်၊ (၁၃) အိုးကုန်း၊ (၁၄) နေပူကုန်းတို့ဖြစ်ကြသည်။ ဆရာတော်၏ ကျေးဇူးကြောင့် တောင်ငူ တစ်နယ်လုံးသာမက မြန်မာပြည်အနှံ့အပြားတွင် ပညာတတ် များ ပေါများလာပြီး အမျိုးသားရေးစိတ်ဓာတ်များ  နိုးကြားလာသည်။ ထိုအချိန်က မြန်မာပြည်ဘုရင်ခံ ဆာအာချီဘော ကော့ကရိန်း တောင်ငူမြို့သို့  ရောက်လာပြီး  ဆရာတော်အား ဂုဏ်ထူးဆောင်လက်မှတ်ဆက်ကပ်သည်။ ဆရာတော်ဦးစီးကာ  ကန်တော်ကြီးစံပါယ်ကျွန်းတွင် ကိုးတောင်ပြည့်ကပ်ကျော်စေတီ တော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ပါသည်။

 

ဆရာတော်ကို ဂုဏ်ပြုစပ်ဆိုထားသော သီချင်းတစ်ပုဒ်တွင် "ကျောင်းကန်တော်၊ ဂုဏ်သတင်းအဖြာဖြာ...၊ နိုင်ငံတော်တွင် ဩဘာလင်းကျော်ပေတာ... ပညာမှာ စုံလင်ပေတာ၊ အင်္ဂလိပ်- မြန်မာစာ နည်းမျိုးစုံစွာ၊ ဂုဏ်တင်စရာတို့မြန်မာ...  မြို့ပေါ် ရပ်ပေါ် ကျော်ကျော်တာ၊ မြန်မာပြည်မှာ ကျော်ကျော်တာ ...  ကျောင်းလခ မယူပါ။ အိပ်စားလည်း လက်ခံတာ၊ ကျောင်းအုပ် ဆရာတော် နိုင်ငံကျော်... ဘုရင်ခံမင်းမြတ် လက်မှတ်ရရှိသလို နော်... ဂုဏ်ထူးဆန်းပေါ်၊ အမျိုးသားရေးကိုးမျှော်၊ ပညာမှာရော သာသနာမှာပါ... အစွမ်းရှိသမျှ ထွန်းတောက်ဖို့မျှော်... မြတ်ဆရာတော်..." ဟု ဖွဲ့ဆိုထားပါသည်။ 

 

ထိုစဉ်က စာမေးပွဲမေးခွန်းကို လေ့လာကြည့်ရာ ယခုတိုင် ခေတ်မီအဆင့်မြင့်သည်ကို တွေ့ရသည်။ နော်မံကျောင်းဆရာများမှာ အထက်တန်းတွင် ဦးပုကြီး၊ ဦးမောင်ကြီး၊ ဦးဖိုးကျွောန်း၊ (ဆရာတော့်ညီ)  ဦးထွန်းရွှေ၊ ဦးလှရွှေ၊ ဦးထွန်းမျှင်၊ ဒေါ်စိန်ပု၊ ဆလွိုက်နှင့် ပုံရေးတာဝန်ခံ ဦးထွန်းရီတို့ ဖြစ်ကြ သည်။ 

 

ဆရာတော်၏ ကျေးဇူးကြောင့် ကိုလိုနီအမှောင်ခေတ်တွင် ပညာအလင်းရောင်  ထိန်လင်းစေခဲ့သည့် တောင်ငူနှင့်တကွ တစ်ပြည်လုံးတွင် ဆရာတော်ကျောင်းထွက် ဆရာများက ပညာရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြပေသည်။ ဆရာတော် ဦးလက္ခဏကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုကန်တော့ လိုက်ပါသည်။       ။