KG+12 ပြီးမြောက်အောင်မြင်လာသော ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်     ဧပြီ    ၆

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပြောင်းလဲ ကျင့်သုံးမည့် KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့်    သင်ရိုးညွှန်းတမ်းများ    ပြင်ဆင်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈  နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ တက္ကသိုလ်များနှင့်   ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာ ရပ်ဆိုင်ရာ ဆရာ ဆရာမများ စုစုပေါင်း ၁၄၆ ဦး တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ   ပြည်ထောင်စုဝန်ကြီးက  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အကုန်တွင် KG+12 သင်ရိုးအသစ်ဖြင့် အခြေခံပညာပြီးမြောက်လာသော   ကျောင်းသား ကျောင်းသူများသည် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များသို့  ဝင်ရောက်လာမည် ဖြစ်ပါသဖြင့် ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်း များကို  KG+12  တွင်  သင်ကြားနေသော သင်ရိုး ညွှန်းတမ်းများနှင့်   လိုက်လျောညီထွေဖြစ်စေရန် လိုအပ်ပါကြောင်း၊  သင်ရိုးညွှန်းတမ်းများကို  နိုင်ငံ တကာစံချိန်စံညွှန်းများနှင့်  ကိုက်ညီစေရန် Credit စနစ်များ၊ အရည်အသွေးအာမခံမှုစနစ်များနှင့်အညီ ရေးဆွဲရန်လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူ များ  အမှန်တကယ်  ကျွမ်းကျင်တတ်မြောက်မှုကို အဓိကထားရေးဆွဲစေလိုပါကြောင်း၊ ဆရာ  ဆရာမ များ၏  သင်ကြားမှုအရည်အသွေး မြှင့်တင်နိုင်ရေး အတွက်  ဘာသာရပ်ဆိုင်ရာ  မွမ်းမံသင်တန်းများ၊ သင်ကြား၊ သင်ယူမှုဆိုင်ရာ အရည်အချင်းမြှင့်တင် ရေးသင်တန်းများ   ဖွင့်လှစ်သင်ကြားပေးရန်နှင့် လက်တွေ့သင်ခန်းစာများ၊ လက်တွေ့ခန်းသုံးပစ္စည်း နှင့်   သင်ထောက်ကူပစ္စည်းများကို   ထိရောက်စွာ အသုံးပြု၍  သင်ကြားရမည်ဖြစ်ကြောင်း၊ ဆရာ  ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူ များကို အတတ်ပညာနှင့် အသိပညာတိုးတက်ရေး အတွက်သာမက စိတ်ဓာတ်ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက် လာရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက  KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်သော  သင်ရိုးညွှန်းတမ်းများ ဆောင်ရွက်ထားရှိမှု   အခြေအနေများ၊  ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြရာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်