ချစ်ခြင်းမေတ္တာ ကရုဏာ၏ မီးရှူးတိုင်

 

ခေတ်သစ်သူနာပြုစနစ်ကို စတင်တည်ထောင်သူဖြစ်ပြီး ယနေ့ထိတိုင် ကမ္ဘာတစ်ဝန်းက မြတ်နိုးကြည်ညိုလေးစား ဂုဏ်ပြုနေကြ သူ ဖလောရင့်စ်နိုက်တင်ဂေးကို ယခုလို မေလတွင် မွေးဖွားခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ တင်းတင်း ပြည့်ခဲ့ပြီ။ ၁၈၂ဝ ပြည့်နှစ် မေလ ၁၂ ရက် နေ့က မီးအိမ်ရှင် ဖလောရင့်စ်ကို အီတလီနိုင်ငံ ဖလောရင့်စ်မြို့မှာ မွေးဖွားခဲ့သည်။

 

မိဘများက ဗြိတိန်နိုင်ငံသားများဖြစ်၏။ ကလေးမွေးလာသည့် အခါ သူတို့၏အစဉ်အလာအတိုင်း မွေးဖွားသည့် မြို့အမည် မှည့်ခေါ်မည်ဟု ကလေးမမွေးမီကတည်းက စဉ်းစားခဲ့ကြ၏။ တကယ် မွေးလာ သည့်အခါ သမီးမိန်းကလေး။ ဖလောရင့်စ် ဟူသည့် အမည်မှာ ပုံမှန် အားဖြင့်ဆိုလျှင် ယောက်ျားလေးများကိုသာ မှည့်လေ့ရှိသည့် အမည်။ မည်သို့ပင်ဖြစ်စေ၊ သမီးလေး မွေးလာခဲ့ သည် ဖြစ်သော်လည်း သူ့မိဘများက မူလစိတ်ကူးခဲ့သည့်အတိုင်း ယောက်ျားလေးအမည် ဖြစ်သည့် ဖလောရင့်စ်ဟုသာ ကင်ပွန်း တပ်ခဲ့ကြသည်။ သမီးလေး ဖလောရင့်စ် နိုက်တင်ဂေး။

 

ချမ်းသာသော မိဘမျိုးရိုးမှ ပေါက်ဖွားလာခဲ့သော သမီးဖြစ်သူ ဖလောရင့်စ်က သူနာပြုအလုပ်ကို စိတ်ဝင်စားသည်ဟု ဆို၏။ ချမ်းသာသည့်အသိုင်းအဝိုင်းအတွင်း၌သူနာပြုအလုပ်သည် ၎င်းတို့နှင့် မသက်ဆိုင်သည့် လုပ်ငန်းတစ်ခုအဖြစ် အားလုံးက နားလည်ထား ကြ၏။ သူနာပြုလုပ်ငန်းဟူသည် ဆင်းရဲနိမ့်ကျသူတို့သာ လုပ်ကြ သည်ဟူသော အယူအစွဲ ရှိနေကြ၍ဖြစ်၏။

 

ဖလောရင့်စ်ကမူ အရွယ်မရောက်မီကတည်းက သူဘာလုပ် မည်ဆိုသည်ကို ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။ မိဘအသိုင်းအဝိုင်းနှင့် အတိုက်အခံပြုကာ သူနာပြုလုပ်ငန်းကိုသာ လေ့လာသည်။ ထို့နောက် သည်အလုပ်ကိုသာ စူးစူးစိုက်စိုက်လုပ်သည်။ သူသည် လူနာများကို ပြုစုရာတွင် စေတနာအပြည့်ထားသူ၊ အလုပ်ကို အမှားမခံ စေ့စပ် သေချာသူ၊ သန့်ရှင်းစင်ကြယ်မှုကို အလေးထားသူ အဖြစ် ကျော်ကြား ထင်ရှား လူသိများလာသည်။ ဆေးပညာရှင် မဟုတ်သော်လည်း ဆေးပညာအဝန်းအဝိုင်းက သူ၏ စွမ်းဆောင်မှု များကို အလေးထား အသိအမှတ်ပြုကြသည်။

 

၁၈၅၄ ခုနှစ် ကရိုင်းမီးယားစစ်ပွဲတွင်းသို့ အင်္ဂလိပ်တို့ ပါဝင်လာ သည့်အခါ စစ်ပွဲ၌ ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်နိုင်ရေး အတွက် စစ်ဝန်ကြီးဖြစ်သူက ဖလောရင့်စ်ကို မေတ္တာရပ်ခံ အကူအညီတောင်း သည်။ သူကလည်း လက်ခံလိုက်သည်။

 

စစ်ပွဲများဖြစ်ပွားနေသည့် မဟာမိတ်နိုင်ငံဖြစ်သော တူရကီရှိ ဗြိတိသျှဆေးရုံများတွင် “သူနာပြုဆရာမချုပ်” ဖြစ်လာသည်။ ချမ်းသာ ကြွယ်ဝသူ၊ ရုပ်ရည်ချောမောလှပပြေပြစ်သူ၊ ပညာတတ် အထက် တန်းလွှာက အမျိုးသမီးငယ်တစ်ဦးသည် ယခုလို စစ်ဘေးအန္တရာယ်သွေးသံရဲရဲများကြားမှာ ဆင်းရဲပင်ပန်းကြီးစွာ သူနာပြုလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်သည်ဆိုသည့်သတင်းက နိုင်ငံနှင့်အဝန်းက ချီးကျူးဂုဏ်ပြုရာ ဖြစ်ခဲ့သည်။ ဆေးရုံမှ လူနာများထံသို့ ညဉ့်နက် သန်းခေါင်ဖြစ်စေ မီးအိမ်တစ်လုံးဖြင့် လှည့်လည်ကြည့်ရှုရင်း လူနာ တို့ကို ပြုစုပေးခဲ့သည်။ မီးအိမ်ရှင်အမျိုးသမီး (The Lady with the Lamp)ဟု အမည်တွင်ကာ ထင်ရှားလာခဲ့ပြီး နိုင်ငံတွင်းသာမက ကမ္ဘာကပါ ခေါ်ဝေါ်အသိအမှတ်ပြုခဲ့ကြပေသည်။

 

အရွယ်ကြီးရင့်လာသည့်အခါ ကျန်းမာရေးအခြေအနေအရ သူနာပြုလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ များစွာမလုပ်ဆောင်နိုင်တော့ သည့်တိုင် သူ၏အတွေ့အကြုံများကိုအခြေခံကာ သူနာပြုလုပ်ငန်း ဆိုင်ရာ၊ ဆေးရုံစီမံအုပ်ချုပ်မှုဆိုင်ရာတို့ကို စာအုပ်စာတမ်းများ ကို ရေးသား ပြုစုသည်။ခေတ်သစ်သူနာပြုစနစ်၊လူနာ စနစ်တကျပြုစုနည်း မှာ ဖလောရင့်စ်နိုက်တင်ဂေးက စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတွင်းရှိ ကျန်းမာရေးလုပ်ငန်းများဆိုင်ရာ အကြံပေးခြင်း လုပ်ငန်းများကို အိုမင်းရင့်ရော်သည်အထိ လုပ်ကိုင်ခဲ့ပြီး အသက် ကိုးဆယ်အရွယ် ၁၉၁ဝ ပြည့်နှစ် ဩဂုတ်လ ၁၃ ရက်တွင် ကွယ်လွန်သည်။

 

ဖလောရင့်စ်နိုက်တင်ဂေး၏မွေးနေ့ဖြစ်သည့် မေ၁၂ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ဟူ၍ သတ်မှတ်ကာ ဂုဏ်ပြုထား သည်။ ဖလောရင့်စ်နိုက်တင်ဂေးကို မီးအိမ်ရှင်၊ ကရုဏာရှင်၊ မေတ္တာရှင် အမျိုးသမီးဟု သမုတ်ကာ ကမ္ဘာတစ်လွှားက လေးစား ချစ်ခင်ကြည်ညိုခဲ့ကြသည်မှာ နှစ်ပေါင်းရာနှင့် ချီခဲ့ပြီတည်း။ ။

 

ဥရောပနိုင်ငံများတွင် မိန်းကလေးများကိုလည်း ဖလောရင့်စ် ဟူသည့်အမည်ကို ဂုဏ်ပြုသည့်အနေဖြင့် မှည့်ဆိုသော အလေ့အထ ပေါ်လာခဲ့သည်။

 

ယနေ့ကဲ့သို့သော ကိုဗစ်ဗိုင်းရပ်စ်ကပ်ရောဂါကာလတွင်လည်း ဖလောရင့်စ်နိုက်တင်ဂေးကဲ့သို့ပင် ဘေးအန္တရာယ် များကြားမှာ၊ ပင်ပန်းဆင်းရဲမှုများကြားမှာ ရောဂါဘယဘေးကျရောက်သူများကို ပြုစုနေကြသော၊ အများပြည်သူတို့ ကပ်ရောဂါဘေးမှ ကင်းဝေး ကြ ရန်အလို့ငှာ ဝိုင်းဝန်းကူညီနေကြသော၊ မေတ္တာ စေတနာ ကရုဏာ တို့ဖြင့် လူအပေါင်းကို ပြုစုစောင့်ရှောက် ကြင်နာယုယ နေကြသော သူနာပြုများအားလုံးကို ဂုဏ်ပြုလိုက်ရပါကြောင်း။ ။

 

မြန်မာ့အလင်း