ချဒ်နိုင်ငံမြောက်ပိုင်းတွင် ရွှေတွင်းပြိုကျ၊ ၅၂ ဦးထက်မနည်းသေဆုံး

အင်ဂျာမီနာ ၂၉ စက်တင်ဘာ

 

ချဒ်နိုင်ငံမြောက်ပိုင်းတွင် ယခုရက်သတ္တပတ်အတွင်းက တရားမဝင်တူးဖော်သည့် ရွှေတွင်းပြိုကျမှုဖြစ်ပွား ခဲ့ခြင်းကြောင့် လူ ၅၂ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ချဒ်အစိုးရ သတင်းရင်းမြစ်တစ်ခုက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ တာဝန်ရှိသူများအနေဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်း၌ ဖော်ပြသည်။

စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သည့် ယင်းရွှေတွင်းပြိုကျမှုတွင် လူ၃၀ ကျော် သေဆုံးခဲ့ကြောင်း ချဒ်အစိုးရ တာဝန်ရှိသူများက အစောပိုင်းတွင်ပြောကြားခဲ့သည်။ ပြိုကျမှုဖြစ်ပွား သည့် ရွှေတွင်းမှာ လစ်ဗျားနိုင်ငံနှင့်နယ်နိမိတ်အနီးရှိ တီးဘက်စ်တီပြည်နယ် ကိုအူရီဘူဂိုဒီဒေသတွင်တည်ရှိသည်။ ယင်းဒေသမှာ တရား မဝင် သတ္တုတူးဖော်ရေးလုပ်ငန်း များနှင့် မှောင်ခိုသမားများ ထူပြောသော ဒေသဖြစ်သည်။

ယင်းရွှေတွင်းပြိုကျမှုကြောင့် လူ၃၇ ဦး ဒဏ်ရာရခဲ့ပြီး ၂၁ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း အခြားသတင်း ရင်းမြစ်တစ်ခုက ပြောကြားသည်။ ယခုနှစ် ဇန်နဝါရီလအတွင်းက ယင်းဒေသတွင် အာရပ်လူမျိုး သတ္တု တူးသမားများနှင့် ချဒ်လူမျိုးသတ္တု တူးသမားများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း လုံခြုံရေးဆိုင်ရာ နှင့် မိုင်းလုပ်ငန်းသတင်းရင်းမြစ်များက ပြောကြားသည်။ကိုအူရီ ဘူဂိုဒီဒေသသည် ရွှေများ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်နှင့်၂၀၁၃ ခုနှစ်ကတည်းကစ၍ မျိုးနွယ်စုတိုင်းရင်းသားများ ချဒ်ဒေသခံများနှင့်နိုင်ငံခြားသားအုပ်စုများ အကြား တိုက်ခိုက်မှုများဖြစ်ပွားရာ ဗဟိုချက်ဖြစ်လာခဲ့သည်။

 

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-ဇော်ဝင်း