ချောင်းသာကမ်းခြေ၌ ခရစ္စမတ်ကာလ လာရောက်လည်ပတ်သူများဖြင့် စည်ကား

ချောင်းသာ ဒီဇင်ဘာ ၂၅

 

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေသူများ စည်ကားများပြားလျက်ရှိသည်။

 

“ ဒီနေ့က လာရောက်အပန်းဖြေတဲ့သူ တော်တော်များပါတယ်။ ခရီးသွားဧည့်သည်က နေ့စဉ်ပုံမှန်တော့ မရှိပါဘူး။ များတဲ့အခါများ နည်းတဲ့အခါလည်း နည်းတာပေါ့။ နေ့ကြီး၊ ရက်ကြီးတွေမျိုး၊ ခုလို ခရစ္စမတ်ပွဲတော်ကာလမျိုးတွေဆိုရင် လာပြီးအပန်း ဖြေလည်ပတ်သူ အရမ်းများပါတယ်။ ဒီလမှာဆိုရင် လဝက်လောက်ကတည်းက ဟိုတယ်၊ တည်းခိုခန်းတွေမှာ လာတည်းသူတွေ၊ ကြိုတင်စာရင်း ပေးထားတာတွေ ပြည့်နေတယ်လို့ ကြားရတယ်။ နှစ်သစ်ကူးလည်းရှိနေတော့ ဒီရက်ထဲမှာ လူကအရမ်းစည်ကားနေပါတယ်။ စျေးလည်း ရောင်းလို့ကောင်းပါတယ်။” ဟု ကမ်းခြေတွင် စျေးရောင်းချသည့် ဒေသခံ ဦးစန်းမင်း ကပြောသည်။

 

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ် အပန်းဖြေသူ ပုံမှန်ရှိသော်လည်း နေ့ကြီးရက်ကြီးနှင့် အလုပ်ပိတ်ရက်ရှည်များတွင် ပိုမိုစည်ကားများပြားကြောင်း သိရသည်။

 

ကျော်ကျော် (ပြန်/ဆက်)

 

mdn