၆ စက်တင်ဘာ
သို့
ဦးလေး ရယ်ဒမ်းတန်
တူမောင် ရှေ့မျက်နှာနောက်ထားပြီး ရှက်ရွံ့အားနာစွာနဲ့ စာရေးလိုက်ပါတယ်။ ဦးလေးတို့တစ်မိသားစုလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါ တယ်ခင်ဗျား။ ရှက်ရွံ့အားနာရတဲ့ အကြောင်းရင်းကတော့ဒီနှစ်လည်း ကျွန်တော်တက္ကသိုလ်ဝင်စာမေးပွဲ ကျပြန်ပြီဦးလေးရေ။ အကယ်၍များအောင်ခဲ့သော် ပညာရေး ဝန်ကြီးဌာနအောက်က အမှတ်မီတဲ့တက္ကသိုလ်၊ ကောလိပ်တစ်ခုခု၊ ဒါမှမဟုတ် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နဲ့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွေမှာ တက်ရောက်သင်ယူခွင့်ရအောင် ဦးလေးတို့ ကူညီပံ့ပိုးပေးမည်ဆိုတာ သိနေပေမယ့် ကျွန်တော့်ရဲ့ပညာရေးခရီးလမ်းက ခုလောက်နဲ့ပဲ နိဋ္ဌိတံပြီး ဆုံးခန်းတိုင်သွားပြီထင်ပါရဲ့ဗျာ။ ကိုယ်စာမေးပွဲကျတာ ကိုယ်ညံ့လို့ ကိုယ့်မှာပဲတာဝန်အရှိဆုံးလို့ ခံယူထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ခေါင်လန်ဖူးမြို့နယ်မှာ စာမေးပွဲမအောင်တာက ကျွန်တော် အပါအဝင် ခေါင်လန်ဖူး အထကနဲ့ ဇန်ယော့အထကတွေက ဖြေဆိုသူအားလုံး ဖြစ်နေတာရယ်၊ ရွာကလူတွေအပြောအရ ဒီလိုဖြစ်နေတာ ရှစ်နှစ်လောက်ရှိပြီဆိုတာရယ်ကြောင်း စာမေးပွဲအောင်ဖို့အတွက် လိုအပ်ချက်တွေ တစ်ခုမကများရှိနေပြီလားရယ်လို့ အတွေးဝင်မိတာတော့ အမှန်ပါပဲဦးလေးရေ။
မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာတာတော့မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစား ခဲ့ကြပါတယ်။ ဟိုယခင် လေး၊ ငါးနှစ် ကျွန်တော်တို့အရင်က ကျောင်းသား ကျောင်းသူတွေ စာမေးပွဲဖြေဖို့ ခေါင်လန်ဖူးကနေ စာစစ်ဌာနရှိရာ နောင်မွန်ကိုသွားရတာ ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာ ဦးလေးလည်း သိနေတာပဲလေ။ ခေါင်လန်ဖူးကနေ ကဆန်ခချောင်းနံဘေး မဂွေဇအထိ ၆၅ မိုင်ခရီးကို အစ၊ အဆုံး၊ တောတိုး၊ တောင်တက် လမ်းလျှောက်ကြရတာမို့လား။ မေခမြစ်ကို ကြိုးတံတားကနေကူး၊ အဲဒီကမှ ပေ ၇၇၀ဝ ကျော်မြင့်တဲ့ ဆန်းလွတ်ချက်တောင်ထိပ်ကို စာအုပ်တွေ၊ စားစရာ တွေထမ်းပြီး ချွေးဒီးဒီးကျအောင် တက်ရတဲ့သူတို့ဒုက္ခ၊ ကျောင်းသူလေးတွေဆို ပိုဆိုးတာပေါ့ဗျာ၊ ဝိုင်းကူသယ်ပေးကြရတယ်။ ဒီလို လမ်းလျှောက်လိုက်ကြ၊ နားလိုက်ကြ၊ ဘိုတဲလေးတွေမှာ ညအိပ်လိုက်ကြ သွားတာတောင်နောင်မွန်ကို လေး၊ ငါးရက်နဲ့မရောက်ပါဘူး။ စစ်မရောက်ခင်ကတည်းက မြားကုန်ဆိုသလို နောင်မွန်လည်းရောက်ရော အားလုံး ခြေပစ်လက်ပစ် ခြေကုန်လက်ပန်းကျကုန်ရော။ ကျွန်တော်တို့ ဖြေခဲ့တဲ့နှစ်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနက မဂွေဇ-ခေါင်လန်ဖူးလမ်း ၆၅ မိုင် ၄ ဖာလုံကိုဖောက်လုပ်ပေးနေတာမို့ မဂွေဇကနေ ဆန်းလွတ်ချက်တောင်ကြီးကိုကျော်ပြီး မေခမြစ်ဘက်ခုနစ်မိုင်လောက်အထိ ခရီးပေါက်နေပါပြီ။ ခေါင်လန်ဖူးဘက်အခြမ်း နှစ်ရက်ခရီးလောက်ပဲ လမ်းလျှောက်ခဲ့ရတယ်။ တောင်ထိပ်ကိုရောက်လာကြတဲ့အခါ လမ်းဖောက်နေတဲ့ကားတွေနဲ့ နောင်မွန်မြို့အထိ လိုက်ပို့ပေးခဲ့ကြလို့ ကျေးဇူးတင်ခဲ့ရပါတယ်။
ဒါကစာမေးပွဲဖြေချိန်ကာလလေးမှာ ကြုံတွေ့ခဲ့ရတဲ့ တဒင်္ဂအခက်အခဲလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့အဓိက ရင်ဆိုင်ဖြေရှင်းနေရတဲ့ အခက်အခဲတွေကိုပြောပြချင်ပါတယ်။ ဒါတွေကိုသိမှသာ ဦးလေးတို့အနေနဲ့ကျွန်တော်တို့ဒေသက ကျောင်းသား ကျောင်းသူတွေအတွက် တတ်နိုင်တဲ့ဘက်မှ အကူအညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော်တို့ ခေါင်လန်ဖူးမြို့နယ်ဟာ မြောက်ဘက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ဘက်မှာ ဆော့လော်မြို့နယ်၊ တောင်ဘက်မှာ ဆွမ်ပရာဘွမ်မြို့နယ်၊ အနောက်ဘက်မှာ မချမ်းဘော့မြို့နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မြို့နယ်ရဲ့အကျယ်အဝန်းက ၁၁၅၅ ဒသမ ၂ စတုရန်းမိုင်ပါ။ ရပ်ကွက်လေးခုရှိတဲ့ ခေါင်လန်ဖူးမြို့လေးမှာ အိမ်ထောင်စု ၆၀ဝ၊ ကျေးရွာအုပ်စု၂၄ အုပ်စုအတွင်းက ကျေးရွာပေါင်း ၁၄၉ ရွာမှာ အိမ်ထောင်စု ၁၈၁၁ စု၊ တစ်မြို့နယ်လုံး စုစုပေါင်းလူဦးရေ အနေနဲ့ ၁၂၇၀ဝ ကျော် နေထိုင်လျက်ရှိကြပါတယ်။ အမှန်အတိုင်းပြောရရင် ပူတာအိုခရိုင်ထဲက မြို့နယ်ခြောက်မြို့နယ်ထဲမှာ ကျွန်တော်တို့ ခေါင်လန်ဖူးမြို့နယ်က လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဆုံး ဖြစ်မယ်ထင်တယ် ဦးလေး ရေ။ မိဘတွေအားလုံးကလည်း တောင်ယာလယ်လုပ်ဓားမခုတ်ဘဝနဲ့ ဆေးဖက်ဝင်သစ်မြစ်၊ သစ်ဖု၊ သစ်ဥ ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းနေကြသူတွေချည်းပါပဲ။ တစ်နေ့လုပ် တစ်နေ့စားသမားတွေ များပါတယ်။
ပညာရေးကဏ္ဍမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်လို့ ကျွန်တော်သိရသလောက်ကတော့ အထက နှစ်ကျောင်း၊ အထကခွဲ တစ်ကျောင်း၊ အလက သုံးကျောင်း၊ အလကခွဲ ငါးကျောင်း၊ မူလွန် တစ်ကျောင်း၊ အမက ၅၇ ကျောင်း၊ အမကခွဲ ရှစ်ကျောင်း ရှိပါတယ်။ စုစုပေါင်း ၇၇ ကျောင်းမှာ ကျောင်းသား ကျောင်းသူပေါင်း ၃၇၁၂ ဦး တက်ရောက်နေကြောင်းလည်း သိရပါတယ်။ ဟုတ်ကဲ့ပါ ဦးလေးရေ ကျွန်တော်တို့ ဘယ်လိုကြိုးစား ရုန်းကန်ပြီး ကျောင်းတက်ခဲ့ရတယ်ဆိုတာကို ပြောပြချင်ပါတယ်။ ၉ တန်း၊ ၁၀တန်း အထက်တန်းကျောင်းသားတွေထဲမှာ မြို့ပေါ်ကလူတွေရှိသလို တစ်တောင်ဆင်း၊ တစ်တောင်တက်နဲ့ နှစ်ရက်၊ သုံးရက်သွားမှ ရောက်တဲ့ရွာတွေက ကျောင်းသားတွေလည်းပါပါတယ်။ အများစုကတော့ကျွန်တော်တို့လို အစွန်အဖျားရွာတွေကနေ လာတက်သူတွေများပါတယ်။ မြို့ထဲက လူမနေတဲ့အိမ်အလွတ်တွေကိုငှားပြီး သူငယ်ချင်းတွေ စုပေါင်းနေထိုင်ကြရတယ်။ တချို့က ဆွေမျိုးရှိပေမယ့် သူ့လည်းကိုယ်မပေးနိုင်၊ သူကလည်း ကိုယ့်ကို အလကားတင်ကျွေးမထားနိုင်တဲ့ဘဝတွေမို့ အတူနေသူရှားပါတယ်။ ဒီမှာတင် အိမ်ငှားနေရတဲ့စရိတ်အတွက် စာရင်းစပြီးမှတ်ရပါပြီ။
ကိုယ်တိုင်ချက်ပြုတ်စားကြရတယ်။ ဒီလိုစားဖို့ ဆန်နဲ့ အခြားစားစရာအချို့ကိုရွာကနေ နိုင်သလောက်သယ်လာကြရတာလေ။ ဒီလိုသယ်လာတဲ့အခါ ဘယ်သူကမှ တစ်လကိုးသီတင်းစာ ယူမလာနိုင်ကြပါဘူးဗျာ။ ယူဖို့လည်း မိဘတွေက မပေးနိုင်ကြပါဘူး။ တစ်ပတ်စာလောက်ပဲယူခဲ့ရတာ။ ဒါကိုပဲချက်ပြုတ်စားသောက်ပြီး သောကြာနေ့ညနေလောက်ဆို ရိက္ခာသယ်ဖို့ ရွာကိုပြန်ရပြီ။ တစ်ညအိပ်လောက်နဲ့သွားလို့၊ ပြန်လို့ရောက်နိုင်တဲ့ ကျောင်းသားကတော့ တနင်္ဂနွေနေ့လောက်မှာ ပြန်ရောက်ပြီး တနင်္လာနေ့လောက်မှာ ကျောင်းတက်နိုင်ပါတယ်၊ ကျွန်တော်တို့ရွာတွေက ဝေးတော့ တနင်္လာနေ့မှ ပြန်ရောက်တယ်။ အလိုလိုနေရင်း ကျောင်းတစ်ရက် ပျက်ကရော။ ဒီတော့ ဦးလေးရယ်ကျွန်တော်တို့ အချိန်ပြည့် သက်သောင့်သက်သာ စာသင်နိုင်ဖို့အတွက် နေစရာအဆောင်လေးတစ်ခုနဲ့ ချက်ပြုတ်စားဖို့ရာ ဆန်၊ ဆီ၊ ဆား၊ ပဲလေးများ ကူညီထောက်ပံ့ပေးမယ့်သူရှိရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့ စိတ်ကူးယဉ်တောင့်တခဲ့မိတာ အကြိမ်ကြိမ်ပါပဲဗျာ။
နောက်တစ်ခုပြောပြချင်တာက ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တွေ ပြည့်ပြည့်စုံစုံနဲ့ အချိန်မီရောက်လာဖို့လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းတာရယ်၊ ရာသီဥတုရယ်၊ လား၊ မြင်းတွေနဲ့ သယ်ရတာတွေရယ်ကြောင့်လည်း ဒီလိုဖြစ်နေတာထင်ပါတယ်။ သင်ထောက်ကူပြု အထူးထုတ်စာအုပ်တွေမရှိသလို တစ်ခါတလေ စာရေးကိရိယာ တွေပါ ပြတ်လပ်မှုနဲ့ကြုံကြရတယ်။ ဘယ်အချိန်မှာ အခံစားရဆုံးလဲသိလားဦးလေး။ ခေါင်လန်ဖူးရဲ့ဆောင်းတွင်းကာလပေါ့ဗျာ။ နွေခေါင်ခေါင်မှာတောင် ဒီလောက်အေးနေတာ ဆောင်းတွင်းလည်းရောက်ရော အနွေးထည်၊ ခြေ အိတ်၊ လက်အိတ်၊ ခေါင်းစွပ်တွေ မလုံလောက်တော့ အေးခဲပြီး နှင်းကိုက်တဲ့ဒဏ်ခံစားကြရတာမို့ ညဘက်စာကြည့်ရာ မှာ အာရုံစူးစိုက်လို့ကို မရတော့ပါဘူးဗျာ။ လျှပ်စစ်မီးက လည်း ညဦးပိုင်း မီးစက်နဲ့ပဲပေးတာမို့ ၆နာရီကနေ ၉နာရီခွဲအထိပဲ ရပါတယ်။ ကျွန်တော်တို့ငှားနေတဲ့အိမ်လွတ် တွေကလည်း မီးမရှိတာများပါတယ်။ ဒါတွေမပြည့်စုံလို့စာမေးပွဲကျတာလို့တော့ ကျွန်တော် မပြောရဲပါဘူး။ ဆရာ ဆရာမတွေကလည်း အတတ်နိုင်ဆုံးကြိုးစားသင်ပေးကြပါတယ်။ အတန်းစဉ်တက်လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးကပဲ နိမ့်နေတာလား၊ ၁၀ တန်းမှာရှိနေ ရမယ့် အရည်အသွေးမျိုး မရှိကြတာလားဆိုတာကိုလည်း စဉ်းစားစရာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါဗျာ ခေါင်လန်ဖူးဒေသ အထကတွေကနေ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စေချင်တယ်။ အောင်ချက်ရာခိုင်နှုန်း မြင့်စေ ချင်ပါတယ်။ အခုအခြေအနေအတိုင်းကတော့ နေရာမကျသေးဘူး ဦးလေးရေ။ ၂၀၁၃-၂၀၁၄ စာသင်နှစ်မှာ အထက ခေါင်လန်ဖူးနဲ့ အထက ဇန်ယော့နှစ်ကျောင်းပေါင်း ၂၅ ယောက်၊ ၂၀၁၄-၂၀၁၅ မှာ ၂၈ ယောက်၊ ၂၀၁၅-၂၀၁၆ မှာ အယောက် ၃၀၊ ၂၀၁၆-၂၀၁၇ မှာ ၂၃ ယောက်၊ ၂၀၁၇-၂၀၁၈ မှာ ၂၃ ယောက်၊ ၂၀၁၈-၂၀၁၉ မှာ ၃၇ ယောက်ဖြေခဲ့တယ်။ ၂၀၁၇-၂၀၁၈ တုန်းက အောင်မြင်သူတစ်ဦးပဲ ရှိခဲ့တယ်။ ကျန်တဲ့နှစ်တွေ မအောင်ကြဘူး။ စာမေးပွဲမအောင်ကြလို့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ ပြောင်းပြီး သင်ယူချင်တယ်ဆိုဦးတော့ သင်ယူနိုင်တဲ့အခွင့်အလမ်း မရှိသေးပါဘူးဗျာ။ ဒီတော့ ၉ တန်း၊ ၁၀တန်းနဲ့တင်ကျောင်းထွက်ပြီး မိရိုးဖလာ လက်ငုတ်လက်ရင်း အလုပ်တွေလုပ်ကြရ၊ တခြားဒေသဘက်ထွက်ပြီး အလုပ်ရှာကြရဆိုတော့ ဒေသအတွက် လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးနေပါတယ်။
ကျွန်တော်တို့ရင်ထဲမှာ ကိန်းအောင်းနေတာက ပညာတွေတတ်မြောက်လာတဲ့တစ်နေ့မှာ အဘက်ဘက်က နောက်ကျနေတဲ့ ကျွန်တော်တို့ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြမယ်၊ လူ့စွမ်းအား အရင်းအမြစ်တွေ ရှင်သန်ထက်မြက်လာပြီး လူမှုစီးပွား ဘဝတွေလည်း မြင့်မားလာစေရမယ်ဆိုတာပါပဲ။ ဒီရည်မှန်းချက်တွေ အောင်မြင်ဖို့ရာမှာ ကျွန်တော်တို့ဒေသက ကျောင်းအားလုံး ပညာရည်တိုးတက်မြင့်မားလာဖို့ အဓိကကျနေပါတယ်။ ဦးလေးတို့အနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါလို့ အလေးအနက် မေတ္တာရပ်ခံတင်ပြရင်း ကျွန်တော့်စာကိုနိဂုံးချုပ်လိုက်ပါတယ် ဦးလေးရေ။
ရိုသေလေးစားစွာဖြင့်
တူမောင်
ဖုန်ဒီးနောင်
မြင့်စိုး(နတ်တလင်း)