ခေတ်ကိုပြောင်းမည်၊ စိတ်ကိုပြောင်းသည်

ချစ်နိုင်(စိတ်ပညာ)

“Mind is the Master.” 

JAMES ALLEN(1864-1917)

စာရေးသူရဲ့ စာဖတ်ပရိသတ်တွေထဲမှာ တောင်သူ၊ လယ်သမား၊ အလုပ်သမား၊ လခစား ဝန်ထမ်း၊ ကျောင်းဆရာ၊ စာရေးစာချီ၊ ပါမောက္ခ၊ ကထိက၊ အရာရှိအရာခံ စသဖြင့် အသက်မွေးဝမ်းကျောင်းအစုံပါတယ်။ တောရောမြို့ပါ၊ ဆင်းရဲချမ်းသာ၊ တောင်ပေါ်မြေပြန့် နေရာအနှံ့ပါဝင်ကြတာ သိရှိရပါတယ်။ နှစ်ပေါင်းလေးဆယ် စာရေးသက်အရ စာဖတ်ပရိသတ်အတော်အသင့်နဲ့ ထိတွေ့နေခဲ့ပါတယ်။ စာနယ်ဇင်းမျိုးစုံ အဆက်မပြတ်ရေးခဲ့တာရယ်၊ လုံးချင်းစာအုပ် ၁၂၀ ကျော်ထုတ်ဝေခဲ့တာရယ် (အချို့စာအုပ်ဟာ အကြိမ်ကြိမ် ထပ်မံပုံနှိပ်ခဲ့ရပါတယ်)။

ဒေသအစုံ၊ လူမျိုးအစုံ၊ အလုပ်အကိုင်မျိုးစုံက မိမိရဲ့စာဖတ်ပရိသတ်တွေကို  တွေ့ဆုံရတာက ဆရာကြီးလယ်တွင်းသားစောချစ်၊ ဆရာကြီးချစ်စံဝင်း၊ ဆရာမြင်းမူမောင်နိုင်မိုးအစရှိတဲ့ စာရေးဆရာပေါင်း ၁၄၀ ကျော်နဲ့အတူ အနယ်နယ်အရပ်ရပ်ကို စာပေဟောပြောပွဲတွေ လှည့်လည်ဟောပြော ခဲ့ခြင်းကြောင့်လည်း ပါပါတယ်။ ဆရာကြီး ဆင်ဖြူ ကျွန်းအောင်သိန်း၊ ကျော်အောင်၊ မင်းယုဝေ၊ မောင်ဆုရှင်၊ စောမုံညင်း၊ ကြူကြူသင်း၊ မစန္ဒာ စသည်ဖြင့် လေးစားအားကျအတုယူရတဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ မြို့ရောတောပါ ပရိသတ်မျိုးစုံ ထိတွေ့ခွင့်ရခဲ့တဲ့ အတွေ့အကြုံဟာလည်း ပြန်တွေးကြည့်တိုင်း ကြည်နူးစရာပါ။ ခုခေတ်မှာ လူတွေ ယခင်ကထက် စာဖတ်ကြတာ နည်းပါးသွားတယ်ဆိုတာကို မငြင်းပယ်နိုင်ပေမယ့် ရေးတဲ့သူကရေး၊ ထုတ်တဲ့ သူကထုတ်၊ ဖတ်တဲ့သူကလည်း ဖတ်ရှုနေကြတာပါပဲလို့ တွေ့မြင်ရပါတယ်။ ဟုတ်တယ်နော်။

လက်ကိုင်ဖုန်းရှိတဲ့သူတိုင်းက ရေးချင်တာရေး၊ ပြောချင်တာပြော၊ သတ်ပုံမှန်မှန် မမှန်မှန်။ သဒ္ဒါ ဝါကျ မှန်မှန် မှားမှား။ ရေးထုံးနဲ့ညီညီ မညီညီ။ လူ့ကျင့်ဝတ်နဲ့ ဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ အားလုံးက စာရေးဆရာ၊ သတင်းစာ ဆရာတွေဖြစ်နေပေသကိုး။ ပကတိအရှိတရားကိုတော့ လက်ခံရပေမယ်။ အရေအတွက် သန်းနဲ့ချီပြီး စာရေးသူတွေ တိုးနေတာကိုးခင်ဗျ။ အရည်အချင်းကတော့ စလုံးနဲ့ ဆလိမ်မကွဲသူလည်းပါရဲ့။ မှ နဲ့ က လွဲနေကြတာ၊ ကို နဲ့ အား မှားနေကြတာ၊ ရ နဲ့ က မပီသတာ စသဖြင့် မူလတန်း၊ သူငယ်တန်းအဆင့်မျှ ရေးသားနေကြတာလည်း မြင်ရမယ်။ ဘာပဲဖြစ်ဖြစ် ရေးခြင်းကို အားပေးသင့်တယ်။ မှားတာတွေ့ရင် ပြင်ရမှာပေါ့။ များများရေးရင်း- ရေးရင်း- ပြင်ပြင်သွားပါက တိုးတက်လာကြမှာပဲပေါ့။ စာရေးသူက အကောင်းမြင်သမားဖြစ်ရတာ ကျေနပ်ပါတယ်။

အိန္ဒိယနိုင်ငံကို မရောက်ဖူးပေမယ့် ယဉ်ကျေးမှုချင်းဆက်သွယ်နေတဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဗြိတိသျှ ကိုလိုနီလက်အောက်ခံ ဖိနှိပ်သွေးစုပ် အနိုင်ကျင့်ခံခဲ့ရတာချင်းမှာ အိန္ဒိယနဲ့ မိမိတို့က ဘဝတူတွေမို့ အထူးစိတ်ဝင်စားမိပါရဲ့။ စီးပွားရေး၊ နိုင်ငံရေးအတက်အကျ၊ အကောင်းအဆိုး အမျိုးမျိုးကိုလည်း ဘေးကမြင်နေခဲ့ရတယ်။ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးလေ။ သူ့ကိုအလေးထား အာရုံစိုက်နေမိတာ သဘာဝ ကျပါတယ်။ 

ကြည့်ပါ- 

ဗြိတိသျှနိုင်ငံ အင်္ဂလန်ကို လက်ရှိအုပ်ချုပ်ကြီးမှူးနေတဲ့ ဝန်ကြီးချုပ်ဟာ အင်္ဂလိပ်လူမျိုး မဟုတ်ပါ။ အိန္ဒိယလူမျိုး “ရီရှီဆူနက်”တဲ့။ ရစ်ချက် လည်းမဟုတ်ဘူး၊  ဂျက်ကီလည်းမဟုတ်ဘူး။ အရှေ့တိုင်းသား အိန္ဒိယလူမျိုးလေ။  ဒါဟာ (၂၁)ရာစုရဲ့ ထူးခြားတဲ့သင်္ကေတလက္ခဏာတစ်ခု လို့ပြောရမှာပဲ။ အမေရိကန်ပြည်ထောင်စုမှာ ဘာရက်အိုဘားမားဆိုတဲ့ နီဂရိုး၊ အာဖရိကလူမည်းက  သမ္မတတက်ဖြစ်တာ ရာဇဝင်စာမျက်နှာသစ် ပြောင်းလဲခြင်းဖြစ်ခဲ့သလို အိန္ဒိယနိုင်ငံသား ရီရှီ ဆူနက်က လူဖြူအင်္ဂလိပ်တွေ ခေါင်းပေါ်တက်ထိုင်နေတာ ဝဋ်လည်ကြောင်း သက်သေသာဓကပါပဲ။

ဒါမျိုးတစ်ယောက်တလေဆို စကားထဲ ထည့်မပြောပါဘူး။ လူမျိုးရေး ခွဲခြားဖိနှိပ်ဆက်ဆံ ခဲ့တာ နှစ်ပေါင်းနှစ်ရာကျော်လောက် ကျွန်တော်တို့ အောက်ကျနောက်ကျ ခေါင်းငုံ့ခံခဲ့ကြရတဲ့ခေတ် ကာလဟာ ကုန်ဆုံးပြောင်းလဲခဲ့ပြီဆိုတာ စာဖတ်သူတွေ သတိထားမိပါစ။ (ထကြ၊ ထကြ၊ နိုးထကြ။ အိပ်ပျော်မနေကြနဲ့။ မျက်စိနှစ်လုံးကို ပွတ်ပြီး ကြည့်လိုက်ကြ)ဟောဒီမယ်- 

၁။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကြီးရဲ့  အမှုဆောင် အရာရှိချုပ် Microsoft Co:     CEO 

၂။ Google CEO 

၃။ Adobe CEO 

၄။ IBM CEO 

၅။ Chanel CEO
 
၆။ Starbuck Co: CEO, etc... 

ကမ္ဘာကျော် သန်းကြွယ်လုပ်ငန်းကြီးပေါင်း များစွာရဲ့ ထိပ်တန်းရာထူးအမြင့်ဆုံးထိုင်ခုံ၊ “အမှုဆောင်အရာရှိချုပ်ဆိုတဲ့နေရာ” မှာ အိန္ဒိယနိုင်ငံသား တွေချည်းထိုင်ပြီး စီမံခြယ်လှယ်နေကြတာကို သင်တို့တွေ့ကြပြီလား။ ဒီလောက်ဆို သဘောပေါက်ပေပြီ။ 

နမူနာယူစရာ အိန္ဒိယနိုင်ငံသားတွေ၊ တရုတ်တွေ၊ အနောက်တိုင်းကို ပခုံးချင်းယှဉ်ရုံမျှမက တွင်ကျယ်နေကြပြီဆိုတာ သတိပြုကြည့်လိုက်ပါ။ (၂၁)ရာစုဟာ (၁၉)ရာစု၊ (၂၀)ရာစုနဲ့မတူကွဲပြား ခြားနားသွားခဲ့ပြီ။ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနိုင်ငံတွေနဲ့ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် စတဲ့အာရှနိုင်ငံတွေရဲ့ (၂၁)ရာစုကာလအတွင်း စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ တိုးတက်ပြောင်းလဲမှုတွေဟာ အတိတ်သမိုင်းနဲ့ မတူတော့ဘူး။ မြန်မာပါဖို့ လိုနေတယ်။ 

လူဦးရေ သန်း ၁၃၀၀ ရှိတဲ့ တရုတ်။ လူဦးရေ သန်း ၁၄၀၀ ရှိတဲ့ အိန္ဒိယ၊ အဏုမြူလက်နက်တွေ ပိုင်ဆိုင်ကြရုံမျှမက ရေတပ်၊ လေတပ်အင်အားတွေ တိုးချဲ့တောင့်တင်းလာတဲ့ အာရှနိုင်ငံကြီးတွေ သိသိသာသာ အားကောင်းလာနေပြီ။ 
အနောက်နိုင်ငံသား မျက်နှာဖြူဆိုရင် မိမိ ကိုယ်ကို သူတို့ထက် အောက်ကျနောက်ကျတယ် ဆိုတဲ့ “ယခင်အမြင်သဘောထား”ကို ယနေ့ တိုက်ချွတ် ဆေးကြောပစ်လိုက်ကြပါစို့။ ပညာရေးလောက ပြဋ္ဌာန်းချက်သင်ရိုးတွေမှာ ဥရောပသမိုင်းအစား အာရှသမိုင်းကို ပိုပြီးအခြေခံပညာကျောင်းတွေမှာ ပြောင်းလဲကြရမယ်။ သတင်းစာဆရာ၊ စာရေးဆရာတွေကိုယ်တိုင်က မျက်နှာဖြူဆိုရင် မော့ကြည့်ချင်တဲ့ “မိမိကိုယ်ကို သိမ်ငယ်နိမ့်ကျ တဲ့ခံယူချက်”ကို ပြင်ကြ ပြောင်းကြဖို့လိုပါတယ်။ နိုင်ငံတော်ရဲ့ နားမျက်စိတွေကိုယ်တိုင် (၂၁)ရာစု အခြေအနေနဲ့ ဆီလျော်ကိုက်ညီရပေလိမ့်မယ်။ 

အမေရိကန်၊ အင်္ဂလိပ်တွေကို ဆရာတင်မနေနဲ့ဆိုတော့ တရုတ်၊ အိန္ဒိယတို့ရဲ့ တပည့်ခံရမှာလား။ 

ဘယ်သူဘယ်ဝါရဲ့ တပည့်၊ လက်အောက်ခံ၊ ငယ်သားမှ မဟုတ်စေရဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး နိုင်ငံချင်း၊ လူမျိုးချင်း တန်းတူရည်တူ ခင်ခင်မင်မင်၊ လေးလေးစားစား ဆက်ဆံတတ်ကြရမယ်။ နိုင်ငံခြားသားကို မော့ကြည့်နေစရာမလိုဘူး။ ကိုယ့်တိုင်းရင်းသား အချင်းချင်းကိုလည်း ငုံ့မကြည့်ကြပါနဲ့။ အထင် အမြင်သေးတဲ့ သဘောထားမျိုး မရှိပါလေနဲ့။ မနှိမ် ပါနဲ့။ မပစ်ပယ်ပါနဲ့။ တန်းတူရည်တူ ညီရင်းအစ်ကို၊ မောင်ရင်းနှမလို ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဆက်ဆံတတ်ပါစေ။  လူမျိုးရေးသွေးကွဲတာမျိုး မရှိကြပါစေနဲ့။ သည်းခံစိတ်ရှည်ပါ။ 

အထူးသဖြင့် ပညာရေးလောက ကျောင်းဆရာ ဆရာမတွေနဲ့ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ လူငယ်ကျောင်းသား ကျောင်းသူအပါအဝင် ပြည်သူ လူထုကို အလင်းရောင် အသိပညာဗဟုသုတ ဖြန့်ဝေပြီး မှန်ကန်တဲ့အသိဉာဏ်၊ အကျိုးရှိတဲ့ဉာဏ်ပညာ မျှဝေနေကြသူတွေမို့ အရေးကြီးပါတယ်။ အမြင်မှန် ရှိကြစေလိုပါတယ်။  

တောသူတောင်သားလူငယ်တွေ မှားယွင်းစွာ လက်နက်ကိုင် ပုန်ကန်ထကြွပြီး လက်နက်မဲ့ပြည်သူ လူထုအပေါ် နှိပ်စက်၊ သတ်ဖြတ်၊ လုယက်၊ တိုက်ခိုက်၊ မီးရှို့၊ ဗုံးခွဲ၊ မိုင်းခွဲ၊ ဖျက်ဆီးနေကြခြင်းရဲ့ အရင်းအမြစ်ဟာ အသိအမြင်နည်းပါးခြင်းပဲမဟုတ်လား။ ဘယ် သူဘယ်ဝါ လက်ညှိုးထိုး အပြစ်ရှာလိုခြင်းမရှိပါ။ 
ပြည်ပမှ ကြိုးကိုင်ခြယ်လှယ်နေတာလေ။ 

ခေတ်သစ်နယ်ချဲ့ရဲ့ လှည့်စားဖြားယောင်းမှုကို တပည့်ခံပြီး သံယောင်လိုက်တဲ့ အချောင်သမား နိုင်ငံရေးလက်ကိုင်တုတ်တစ်စုနဲ့ ဆရာ့ကျင့်ဝတ်၊ ဝန်ထမ်းကျင့်ဝတ်၊ သမားကျင့်ဝတ်၊  ပြည်သူပြည်သားကောင်းတစ်ယောက်ရဲ့ စောင့်စည်းအပ်တဲ့ လူ့ကျင့်ဝတ်ကိုတောင် ချိုးဖောက်ပြီး လွဲချော်ကြသူ အချို့ကြောင့် နိုင်ငံနဲ့လူမျိုးမှာ အတော်ကြီးထိခိုက် နစ်နာနေရတယ်။ ထားပါတော့။ 
ပြည်သူ ပြည်သားတွေ ကြားရ၊ မြင်ရ၊ ခံစားကြရတာ စိတ်မသက်သာလှဘူး။ (၂၁)ရာစု အာရှခေတ်သစ် ဖွံ့ဖြိုးတိုးတက်မှုလှိုင်းကြီးက ထကြွတက်လာခဲ့ပြီ။ မြန်မာပြည်က ခေတ်သစ်ရေစီး ကြောင်းနဲ့အတူ တိုးတက်ဖွံ့ဖြိုးလိုက်ပါနိုင်အောင် ပြည်သူအပေါင်းရဲ့ စိတ်နေသဘောထားနဲ့ အသိအမြင်ကို ပထမဦးဆုံး သိသိသာသာပြောင်းလဲကြရ ပါဦးမယ်။ 

ပြည်သူ ပြည်သားတွေရဲ့ စိတ်ကူးအာရုံထဲမှာ ကြွယ်ဝချမ်းသာခြင်းဆိုတာ ငါတို့နဲ့သက်ဆိုင်တယ်။ ချမ်းသာကြွယ်ဝခြင်းကို ငါတို့ရရှိအောင် စွမ်းဆောင်နိုင်တယ်။ တစ်ချိန်က ငါတို့ထက် ပိုမိုဆိုးရွားခဲ့သေး တဲ့ အိမ်နီးနားချင်းတရုတ်တွေ၊ အိန္ဒိယနိုင်ငံသား တွေတောင် မွဲလှငတ်လှတဲ့ဘဝက ရုန်းကန်ထခဲ့ကြတာ  နှစ်ပေါင်း(၇၅)နှစ်ကြာတဲ့အခါ သိသိသာသာ ပြည့်စုံကြွယ်ဝသွားကြတာပဲလေ။ မျက်မြင်ပဲ။ ငါတို့လည်း ဘာလို့မဖြစ်နိုင်ရမှာလဲ။ 

စိတ်ကူးထဲမှာတောင် မရှိသေးဘူး။ ဟုတ်လား။ 

ကဲ-စိတ်ကူးထဲမှာ ရှိနေအောင်ထည့်လိုက်ပါ တော့လား။ ဒါက ပိုက်ဆံတစ်ပြားတစ်ကျပ်မှ မကုန် ကျပါဘူး။ အခုစာရေးသူပေးတဲ့ အကြံဉာဏ်က အကျိုးရှိစေရမယ်။ 

အမြတ်ထွက်စေရပါမယ်။ 

“ယနေ့ မိမိစိတ်ကို ပြောင်းလဲပစ်လိုက်ပါ။” 

ငါနဲ့ ငါ့မိသားစုဟာ မကြာခင်မှာ (၁၀ နှစ် အတွင်း) ကြွယ်ဝချမ်းသာလာရမယ်။ စိတ်ကူးပါ။ လူတိုင်းလူတိုင်း အိပ်မက် (ရည်ရွယ်ချက်)ရှိမှသာ တကယ်ဖြစ်တာ။ ဘာရည်ရွယ်ချက်မှ ရှိမထားပါဘဲ တစ်နေ့စာတစ်နေ့ ကြုံသလို နေထိုင်သွားရင် ဘယ် တိုးတက်ပါတော့မလဲ။ 

ပြည်သူလူထု ၉၈ ရာခိုင်နှုန်းကို ရှေ့ဆောင် လမ်းပြကူညီနေရမှာက အစိုးရဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း၊ ဌာနဆိုင်ရာတွေဗျ။ ဆရာတို့ ဆရာမတို့က လုပ်သားပြည်သူ ၅၅ သန်းထဲမှာ နှစ်ရာခိုင်နှုန်း ကျော်ကျော်လေးသာရှိတဲ့ လခစားဝန်ထမ်းတွေပဲ။ သို့ပေမယ့် ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမယ်။ ငါကစပြီး ဦးဆောင်စံနမူနာပြသမယ်ဆိုတဲ့ ဝန်ထမ်းကောင်းတွေတိုးပွားဖို့  လိုအပ်နေသေးတယ်။ 

လက်ရှိအခက်အခဲ၊ ဆင်းရဲတာထားပါ။ 

ကြယ်ဝချမ်းသာဖို့ရာ စိတ်ကူးခွင့်တော့ ရှိပါတယ်။ 

ရာထူးမတိုးချင်ဘူးလား။ တိုးချင်ကြပါတယ်။ 

အစိုးရဝန်ထမ်းဆိုတာ လုပ်သက်လေးရလာရင် ရာထူးအဆင့်ဆင့်တော့ တိုးချင်ကြတာချည်းပါပဲ။ 

ရာထူးတိုးချင်ရင် ဘာလုပ်ရမလဲ။ 

အထက်လူကို ဖားတတ်သူတွေသာ ရာထူးတိုးတတ်တယ်လို့ ယူဆနေရင် မှားတယ်ခင်ဗျာ။ အမြင်ကိုပြင်ပါ။ အပြစ်မဆိုပါ။ အမှန်ကို သိမြင် အောင်သာ စာရေးသူက ဖော်ပြပေးမှာပါ၊ ဒါလေး တွေသာ တိကျစွာလိုက်နာကြည့်စေလိုပါတယ်။

အထက်လူကြီးဆိုသူ အရာရှိတွေဟာ လုပ်ပိုင်ခွင့်ရှိကြတာမှန်ပေမယ့် ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း၊ မူဘောင်အတွင်းကသာ လုပ်ကိုင်ရ၊ စီမံရတာဖြစ်ပါတယ်။ ဖားသူကို မျက်နှာ လိုက်နေလို့လည်းမရပါ။ အထက်အရာရှိတိုင်းက မဖြစ်မနေ လိုက်နာကျင့်သုံးနေရတဲ့“ရာထူးတိုးရေး၊ ကြည့်ရှုအကဲဖြတ်ရတဲ့ စံအရည်အသွေး(၇)ချက်” ရှိပါတယ်။ (နိုင်ငံ့ဝန်ထမ်းဥပဒေမှာ ကြည့်လိုက်ပါ။ ကူးရေးမှတ်ထားပါ) 

၁။ လုပ်ငန်းကျွမ်းကျင်မှုနဲ့ အထူးကြိုးစား ထမ်းဆောင်ခြင်း၊ 

၂။  အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များ အပေါ် သစ္စာရှိခြင်း (ဒါကိုဖားတယ်လို့ မသုံး နှုန်းပါနှင့်၊ နားလည်ပါ)

 ၃။ စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့် ဌာနအကျိုးအတွက် စေတနာထက်သန်ခြင်း (ဖားခြင်းမဟုတ်) 

၄။ တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊ 

၅။ ကျွမ်းကျင်မှုနှင့် အရည်အချင်းမှာ ထူးကဲသာလွန်ခြင်း၊ 

၆။ ခေါင်းဆောင်မှုကောင်းခြင်း၊ 

၇။ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ 

မိမိကိုယ်ကို လုပ်ငန်းခွင်မှာ မြှင့်တင်ခြင်းအားဖြင့် နိုင်ငံနှင့်လူမျိုးကိုပါ ကောင်းကျိုးပြုနိုင်စေပါတယ်။ 

တကယ်တော့လည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကို စိတ်ထားစိတ်နေ စိတ်အခြေအနေက အဓိကအရေးကြီးကြောင်း အထူးအကျယ်ချဲ့ ပြောရ လောက်အောင် ဘယ်သူမှ နားမဝေးကြပါ။ ကြားနေကျ နားရည်ဝပြီးသားပါလေ။ သိပြီးသားတွေ။ 

စိတ္တေန နိယတိ လောကော။ 

စိတ်ဟာ လောကကို ဦးဆောင်နေတယ်။ ။